သမ္မတသစ်ဦးထင်ကျော်အပေါ် တုုိင်းရင်းသား လက်နက်ကုုိင် ခေါင်းဆောင်များ၏ အမြင်များ

သမ္မတသစ်ဦးထင်ကျော်အပေါ် တုုိင်းရင်းသား လက်နက်ကုုိင် ခေါင်းဆောင်များ၏ အမြင်များ

နိုင်ငံတော် သမ္မတသစ် ဦးထင်ကျော်ကို မတ် ၁၅ ရက်က တင်မြောက်လိုက်ပြီ ဖြစ်သည်။ ဦးထင်ကျော် နိုင်ငံတော် သမ္မတ ဖြစ်လာမှုအပေါ် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ကြိုဆိုလိုက်ပြီး ယုံကြည်မှု ပိုမိုရှိလာသည်ဟု ပြောဆိုလိုက်သည်။

လက်ရှိ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲစေလိုသော အဓိက အချက်များဖြစ်သော ငြိမ်းချမ်းရေး ပတ်သက်၍ အဓိက ဦးစားပေးလုပ်ဆောင်စေလိုကြောင်း လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များ ၏ပြောဆိုလိုက်သည်။

နိုင်ဟံသာ(ဒုဥက္ကဌ)
မွန်ပြည်သစ်ပါတီ

ဒါဝမ်းသာပါတယ်။ ပိုပြီးတော့လည်း ယုံကြည်မှုတိုးလာတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက လူထုကနေ တက်လာတဲ့ မဲနိုင်တဲ့နိုင်ငံရေးပါတီက၊ နောက်သူက အရပ်ဘက်က ပုဂ္ဂိုလ်တယောက်အနေနဲ့ အခုလို နေရာရလာတဲ့အနေအထားလေ။ အဲဒီအပေါ်မှာကတော့ အရင်က စစ်တပ်ကနေ လာတဲ့လူတွေထက်တော့ အများကြီး အလားအလာကောင်းမယ်လို့တော့ အန်ကယ်တို့ ယုံကြည်တယ်။

ဘာတွေ ပြောင်းလဲစေချင်လဲဆိုရင် အန်အယ်လ်ဒီရဲ့ ရပ်တည်ချက်အတိုင်း ဒေါ်စုပြောပြောနေတဲ့ ကျွန်တော်တို့ နိုင်ငံကို အမြန်အေးချမ်းနိုင်ဖို့ သူ့အနေနဲ့ ဘယ်လောက်လုပ်ပေးနိုင်မလဲ။ အဲဒါကို အဓိကထားပြီးတော့ လုပ်ပေးစေချင်တယ်။ သဘောကတော့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အမြန်ဖြစ်နိုင်ဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီးမှာ တိုင်းရင်းသားတွေ အားလုံးပါဝင်နိုင်ရေးဆိုတဲ့ ငြိမ်းချမ်းရေးကို အမြန်ဖော်ဆောင်နိုင်ဖို့ အဲဒါကို အဓိက လုပ်ပေးနိုင်ရင်တော့ သိပ်ကောင်းမယ်။ နိုင်ငံအေးချမ်းသွားပြီးရင် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတဲ့ဟာကြတော့ မခဲရင်းတော့ဘူးလေ။

ခူဦးရယ်(ဒုဥက္ကဌ)ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)

တရားဝင် ထုတ်ပြန်ချက်တော့ ထုတ်ဖို့ မရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ကြိုဆိုပါတယ်။ ပြောရရင် ရွေးကောက်ပွဲကာလကလည်း အန်အယ်လ်ဒီက ပြောင်းလဲချိန်တန်ပြီတို့ ကြွေးကြော်ပြီးတော့ ရွေးကောက်ပွဲ ဝင်တယ်ဆိုတော့ သူတို့ တကယ်ဘဲ အောင်ပွဲ ခံလာတော့လည်း တကယ်ဘဲ အပြောင်းအလဲကို ဖော်ဆောင်မယ်လို့ ကျွန်တော်နားလည်တာပေါ့။ အပြောင်းအလဲဆိုတဲ့ နေရာမှာ လည်း ကောင်းတဲ့ အပြောင်းအလဲကို ရှေ့ရှုတယ်လို့  နားလည်ရမှာပေါ့။ ကျွန်တော်တို့ အားလုံးကလည်း ကောင်းမွန်တဲ့ အပြောင်းအလဲကို အားလုံးက သွားချင်ကြတယ်။ ဆန္ဒရှိကြတယ်။ မြင်ချင်ကြတယ်ဆိုတော့ ဘာဘဲပြောပြော အန်အယ်လ်ဒီ ပါတီတခုထဲ အစိုးရတခုထဲ ဖော်ဆောင်လို့ ပြီးမဲ့ကိစ္စတော့ မဟုတ်ဘူး။ ကျွန်တော်တို့အားလုံး နိုင်ငံသားတိုင်းမှာ တာဝန်ရှိတာ ပါ့နော်။ ကျွန်တော်တို့ အားလုံးအတူတကွ ဝိုင်းဝန်းပြီးတော့ ကောင်းမွန်တဲ့ တိုင်းပြည်ရဲ့ ကောင်းမွန်တဲ့ အပြောင်း အလဲကို သွားနိုင်မယ်လို့ ယုံကြည်တယ်။ အကောင်းဆုံးလုပ်နိုင်မယ်လို့ မျော်လင့်ချက် အကြီးကြီးထားပါတယ်။

ကျွန်တော်တို့ နားလည်တာကတော့ NCA ကို ဖြတ်ကျော်ပြီးမှဘဲ တွေ့ဆုံဆွေးနွေးပွဲကို သွားမယ်လို့ အားလုံး လက်ရှိ အစိုးရနဲ့ လည်း ညှိနှိုင်းခဲ့ကြတယ်ဆိုတော့ ဒီဖြစ်စဉ်ကိုဘဲ ဆက်သွားရမဲ့သဘောလို့ ကျွန်တော်တို့နားလည်ပါတယ်။ ခုတော့ အစိုးရ အပြောင်းအလဲ ဖြစ်လာတဲ့အပေါ်မှာတော့ NCA ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သွားတဲ့နေရာမှာကတော့ အနေအထား ပုံစံတွေ ကွဲပြားကောင်း ကွဲပြားနိုင်တာပေါ့နော်။ ဒါပေမဲ့လမ်းကြောင်းက အတူတူဘဲ သွားရလိမ့်မယ်လို့ ယေဘုယျနားလည်ပါတယ်။

မိုင်းအိုက်ဘုန်း(ဥက္ကဌ)
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)

လူထုတင်မြောက်တဲ့ အရပ်သား အစိုးရ ပေါ်ပေါက်ဖို့၊ ကျွန်တော်တို့ တလျှောက် တောင်းဆိုခဲ့တယ်။ မျော်လင့်ခဲ့တယ်။ အခုလည်း ကျွန်တော်တို့မျော်လင့်သလို ဖြစ်လာပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အန်အယ်ဒီပါတီကနေ ရွေးကောက်ပွဲ အနိုင်ရတဲ့အချိန် ကျွန်တော်တို့ ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ပြီးပါပြီ။ အခုလည်း အန်အယ်လ်တီပါတီက ဦးထင်ကျော်ကို သမ္မတ အရွေးခံတာလည်း ကျနော်တို့ ဝမ်းသာတယ်။ ကျွန်တော်တို့ လေးစားတယ်။ အသိအမှတ်ပြုတယ်။ တဆက်တည်းမှာဘဲ အန်အယ်လ်ဒီ ဦးဆောင်တဲ့ အစိုးရနဲ့ ကျနော်တို့ ပြည်တွင်းငြိမ်းခမ်းရေးကို အဓိကထားပြီးတော့ ဖြေရှင်းနိုင်မယ် ကျွန်တော်တို့ မျော်လင့်တယ်။ ကျွန်တော်တို့ဒေသမှာ ဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ ပတ်သက်လို့ တွေ့ဆုံဆွေးနွေးရေးနဲ့ ဖြေရှင်းနိုင်မယ်လို့ ကျွန်တော်တို့ မျော်လင့်ပါတယ်။

ပြည်နယ်နဲ့ပတ်သက်တဲ့ အာဏာခွဲဝေမှုလည်း ပြည်နယ်ကိုလည်း လုပ်ပိုင်ခွင့်တွေ ပေးထားသင့်တယ်။ ရွေးကောက်ခံတဲ့ လွတ်တော်တွေကလည်း သက်ဆိုင်ရာ အန်အယ်လ်ဒီကဘဲ တာဝန်ယူစေချင်တယ်။ ဥပမာ နယ်စပ်ရေးရာဝန်ကြီးတို့၊ တခြားအရေးကြီးတဲ့ ဝန်ကြီးတွေကြတော့ တပ်မတော်ကနေဘဲ ပြီးခဲ့တဲ့ အစိုးရ သက်တမ်းလိုမျိုး မဖြစ်စေချင်ဘူး။ တကယ် အရပ်သား အစိုးရက တင်မြောက်တဲ့ အန်အယ်ဒီကနေဘဲ ဆက်လက် တာဝန်ယူမှု၊ တာဝန်ခံသွားမယ်ဆိုရင်တော့ ပိုပြီးတော့ သင့်တော်တယ်။

နောက်ပြည်နယ်ဝန်ကြီးနဲ့ ပတ်သက်တဲ့ ကိစ္စကို ကျွန်တော်ပြောချင်တယ်။ ကျွန်တော်တို့ ကြားတာကတော့ တပ်မတော်ဘက်က ရှမ်းပြည်နယ်ဝန်ကြီးကို ခန့်ချင်တယ်လို့ ကြားတယ်လေ။ ကျွန်တော်တို့မြင်တာကတော့ တကယ့် အာဏာရထားတဲ့ အန်အယ်လ်ဒီ အစိုးရကဘဲ အဲဒီကိစ္စကို ကိုင်တွယ်မယ်ဆိုရင်တော့ ပိုပြီးတော့ သင့်တော်မယ်လို့ မြင်တယ်။

ဒုတိယဗိုလ်မှူးကြီး စောစိန်ဝင်း
ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော်(DKBA)

ကျွန်တော်တို့နဲ့ လက်ရှိ တက်တဲ့ သမ္မတ အနေနဲ့ ကျွန်တော်တို့နဲ့ပူးပေါင်းပြီးတော့ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးကို လက်တွဲပြီးတော့ အတူတူသွားချင်တဲ့ ဆန္ဒတော့ှရှိတာပေါ့။ အနာဂတ်နိုင်ငံရေး ထူထောင်မယ်ဆိုရင် ငြိမ်းချမ်းရေးကို အဓိက ကျတယ်လို့ ကျွန်တော်တို့ လက်ခံထားပါတယ်။ အနှစ် ၆၀ နီးပါးလောက် စစ်အာဏာရှင်ပုံစံမျိုးနဲ့ ဖြစ်လာခဲ့တာ ဒီလိုအရပ်သားအစိုးရ အပေါ်မှာ ပြည်သူတွေရဲ့ အောက်ခြေတင်ပြချက်အပေါ်မှာ အမိန့်အာဏာ ဆုတ်ကိုင်မှုမများဘဲနဲ့ အပြန်အလှန် ညှိနှိုင်း အဆင်ပြေမယ်လို့ မျော်လင့်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly