ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာ နိုင်ငံပိုင်သိမ်းရန်လျှောက်ထားချက် အပြီးသတ်အမိန့်ချမှတ်ရန်ရှိ 

By 001 (မဇ္စျိမ)
16 February 2023
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာ နိုင်ငံပိုင်သိမ်းရန်လျှောက်ထားချက် အပြီးသတ်အမိန့်ချမှတ်ရန်ရှိ 

နေပြည်တော်တွင် လ​ရောင်​တောစီမံကိန်းအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လျှောက်ထားရယူခဲ့သည့် မြေနေရာများကို နိုင်ငံပိုင်သိမ်းရန် စစ်ကောင်စီဘက်မှ လျှောက်ထားချက်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် အပြီးသတ်အမိန့်ချမှတ်ရန် ရှိနေကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။ 

ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စ ဒေါ်အောင်ဆန်းစုကြည်ဘက်က အယူခံတက်ထားသည့် အမှု​လေးမှု နှင့် အမိန့်ချရာတွင် မြေကို နိုင်ငံပိုင်မသိမ်းသည့်ကိစ္စ စစ်ကောင်စီဘက်က ပြင်ဆင်မှုတက်ထားသည့် အမှုသုံးမှုတို့ကို နှစ်ဖက်လျှောက်လဲချက်ကြားနာခဲ့သည်။ 

“အဲ့တာတွေအားလုံး ကြားနာပြီးတော့ အမိန့်ချဖို့ သီးသန့်ထားတာပေါ့။ တစ်လနီးပါး တစ်လကျော်ကျော်လောက်ကြာမယ်။ ပြီးရင်တော့ အမိန့်ချမယ်ပေါ့”ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဒေါ်ခင်ကြည်​ဖောင်​ဒေးရှင်းက လရောင်တောစိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်း စီမံကိန်းအတွက် နေပြည်တော်ဥတ္တရသီရိမြို့နယ်တွင် မြေ ၁၀၁ ဒသမ ၃၃ ဧက၊ ပုဗ္ဗသီရိမြို့နယ်တွင် ၂၃ ဒသမ ၈၅၅ ဧက လျှောက်ထားရယူခဲ့သည့် ​မြေများနှင့် လ​ရောင်​တော​မြေ​နေရာတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဥက္ကဋ္ဌနေထိုင်ရန် ဆောက်လုပ်ထားသည့် တစ်ထပ်အ​ဆောက်အဦကို နိုင်ငံပိုင်သိမ်းရန် ​​စစ်​ကောင်စီဘက်က လျှောက်ထားခြင်းဖြစ်သည်။ 

​ဒေါ်​အောင်ဆန်းစုကြည်အ​နေဖြင့်မူ ​​အဆိုပါဒေါ်ခင်ကြည်​ဖောင်​ဒေးရှင်းကိစ္စနှင့် ဆက်စပ်စွဲဆိုထားသည့် အမှု လေးမှုဖြင့် ၎င်းအ​ပေါ် ပြစ်ဒဏ်တ​စ်ပေါင်းတည်း စုစုပေါင်း ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခဲ့သည်အ​ပေါ် အယူခံတက်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ ​ဒေါ်ခင်ကြည်​ဖောင်​ဒေးရှင်းကိစ္စ အမှု​များတွင် ​NLDအစိုးရလက်ထက် ​နေပြည်​တော်မြို့​တော်ဝန်​ ဒေါက်တာမျိုး​အောင်၊ ဒုတိယမြို့​​တော်ဝန် ဦးရဲမင်းဦးနှင့် ​နေပြည်​တော် စည်ပင်သာယာ​ရေး​ကော်မတီအဖွဲ့ဝင် ဦးမင်းသူတို့လည်း ပူးတွဲစွပ်စွဲခံခဲ့ရပြီး ​ထောင်ဒဏ် သုံးနှစ်စီ အမိန့်ချခံထားရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required