ချင်းပြည်နယ်နှင့် ကယားပြည်နယ်ရှိ စစ်ရှောင်များ ရိက္ခာပြတ်လပ်မှု ပိုမိုဆိုးရွာလာ

ချင်းပြည်နယ်နှင့် ကယားပြည်နယ်ရှိ စစ်ရှောင်များ ရိက္ခာပြတ်လပ်မှု ပိုမိုဆိုးရွာလာ

ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့မှာ စစ်တပ်အာဏာသိမ်းချိန်ကစပြီး စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေနဲ့ တိုက်ပွဲတွေပြင်း ထန်ပြီးနောက် ထပ်မံရောက်ရှိလာတဲ့ စစ်ရှောင်ပြည်သူတွေမှာ ရိက္ခာပြတ်လပ်မှုတွေ ပိုမိုမြင့် တက်လာတယ်လို့ စစ်ဘေးရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။

မြို့များသို့ သွားရောက်နိုင်သည့် အဓိကလမ်းမများကို ခြေကုပ်စခန်းများချထားခြင်း၊ စစ်ဆေးရေးဂိတ်များ ရှိနေခြင်းကြောင့် ရိက္ခာသယ်ယူရန် ခက်ခဲနေတယ်လို့သိရပါတယ်။

ချင်းပြည်နယ်သို့ သွားရာလမ်းကြောင်းများကို စစ်ကောင်စီတပ်က ပိတ်ဆို့ဖြတ်တောက်ထားခြင်းကြောင့် ထန်တလန်မြို့ခံ စစ်ရှောင်များနှင့် ဒေသခံများ စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်ချက် များပြားလာနေသည်ဟု သိရသည်။

ချင်းပြည်နယ် ထန်တလန်မြို့ရှိ CNA နှင့် CDF  (ထန်တလန်) တို့က ယခုလ ၈ ရက်နေ့တွင် မြို့မရဲစခန်းကို ဝင်ရောက်စီးနင်းပြီး လက်နက်ပေါင်း ၄၀ ကျော်ကို သိမ်းယူသွားရာ လေတပ်က ထိုဒေသကို ၅ ကြိမ်ထက်မနည်း သွားရောက် တိုက်ခိုက်ခဲ့သည်။

အဆိုပါ အခြေအနေတွင် စစ်ကောင်စီက ကုန်းလမ်းခရီးလမ်းကြောင်းများကို ဖြတ်တောက်ပိတ်ဆို့ထားရာ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ပေါ်တွင်ပါ ဆန်နှင့် ဆေးဝါးများ ပြတ်လပ်နေသည်ဟု ယင်းမြို့ခံများက ဆိုကြသည်။

စစ်ကောင်စီ၏ တင်းကျပ်ထားမှုများကြောင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ၎င်းတို့သည်ပင်လျှင် ချင်းပြည်နယ် ပလက်ဝနှင့် မင်းတပ်မြို့များရှိ စစ်ဘေးဒုက္ခသည်များအတွက် အရေးပေါ်စားနပ်ရိက္ခာများကို အကြိမ်ကြိမ်ကြိုးစားပြီးမှသာ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း ယမန်နှစ်က နှစ်ကြိမ်တိုင် ထုတ်ပြန်ခဲ့ဖူးသည်။

ကယားပြည်နယ်ထဲမှာလည်း စစ်ဘေးရှောင် ဒုက္ခသည်စခန်းအများစုမှာ ပြီးခဲ့တဲ့ နှစ်ဇွန်လကစပြီး ဆေးဝါးနဲ့ စားနပ်ရိက္ခာ မလုံလောက်မှုတွေ သိသိသာသာ ဖြစ်နေသလို တချို့စစ်ရှောင်စခန်းတွေမှာလည်း ရိက္ခာနဲ့ သောက်သုံးရေ ပြတ်လပ်မှုတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ကယားပြည်နယ်ကို ဖြတ်လေးဖြတ် လုပ်ဆောင်လာတဲ့အတွက် ပိုမိုခက်ခဲလာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်း စစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ကယားပြည်နယ်မှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင် (၂) သိန်းကျော်ရှိနေပြီး အဲဒီထဲက အများစုဟာ ဒီးမော့ဆို၊ဖရူဆို၊ ဖားဆောင်း၊ မယ်စဲ့၊ ဘောလခဲ၊ ရှားတောနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ်တွေက ဒေသခံတွေဖြစ်ပါတယ်။

စစ်ကောင်စီက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို လွိုင်ကော်နဲ့ အနီးတဝိုက်ကိုပဲ ခွင့်ပြုထားတာကြောင့် တကယ်လိုအပ်နေတဲ့ စစ်ရှောင်တွေဆီ နိုင်ငံတကာ အကူအညီတွေ ရောက်ရှိဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း ထွက်ပြေးတိမ်းရှောင်နေရသူ ၁ ဒသမ ၄ သန်းကျော် ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ၏ နောက်ဆုံးစာရင်းများအရ သိရသည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ကလည်း စစ်ကောင်စီရဲ့ ကန့်သတ်မှုတွေကြောင့် မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ စစ်ဘေးရှောင်တွေ လိုအပ်နေတဲ့ အစား အသောက်နဲ့ ဆေးဝါးတွေ ကူညီပေးနိုင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly