မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု မရှိကြောင်း စင်ကာပူ ထပ်မံငြင်းဆို

မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု မရှိကြောင်း စင်ကာပူ ထပ်မံငြင်းဆို

စင်ကာပူက မြန်မာနိုင်ငံသို့ စစ်လက်နက်မရောင်းချတာ အချိန်ကြာမြင့်ပြီဖြစ်သလို စစ်လက်နက်ရောင်းချ မှု ပိတ်ပင်ချက်က အကျိုးသက်ရောက်မှုရှိခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာခရစ်ရှနန်က ဖေဖော်ဝါရီ လ ၁၄ ရက်မှာ လွှတ်တော်သို့ ပြောကြားခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ လက်နက်ထုတ်လုပ်မှုတွေအတွက် အထောက်အကူပြုတဲ့ ကုန်ကြမ်းတွေ တင်ပို့ရာမှာ စင်ကာပူကုမ္ပဏီတွေကို မဟာဗျူဟာမြောက် ကြားခံအဖြစ် အသုံးချတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီရဲ့ အစီရင်ခံစာနဲ့ပတ်သက်လို့ လွှတ်တော်အမတ် ဒင်းနစ်တက်ပ်ရဲ့ မေးမြန်းချက်တစ်ခုကို ဗီဗီယန်ဘလာ ခရစ်ရှနန်က အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

စစ်လက်နက်တွေ လွှဲပြောင်းပေးမှု တားမြစ်ချက်တွေကို လိုက်နာခြင်းရှိ မရှိ အစီရင်ခံစာက ဖော်ပြထား တဲ့ စင်ကာပူကုမ္ပဏီတွေကို အာဏာပိုင်တွေက စစ်ဆေးမှုရှိ မရှိလည်း ဒင်းနစ်တက်ပ်က မေးမြန်းခဲ့ပါတယ်။

စင်ကာပူက မြန်မာနိုင်ငံသို့ စစ်လက်နက်တွေ လွှဲပြောင်းပေးတာ ခွင့်မပြုဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန က ဇန်နဝါရီလ ၁၈ ရက်မှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီကနေ မကြာမီကမှထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ “စစ်လက်နက်ကိရိယာများ ထုတ်လုပ်ရန် ကုန်ကြမ်းများအပါအဝင် မြန်မာစစ်တပ်အတွက် ကုန်ပစ္စည်း အမြောက်အမြား တင်ပို့ရာမှာ စင်ကာပူဟာ အရေးပါတဲ့ တဆင့်ခံနေရာဖြစ်”ကြောင်း ဖော်ပြချက်နဲ့ ပတ်သက်ပြီး လွှတ်တော်အမတ် ဒန်းနစ်စ်တန်ရဲ့ မေးမြန်းမှုကို နိုင်ငံခြားရေးဝန်ကြီးက ရှင်းလင်း ဖြေကြားခဲ့တာဖြစ်ပါတယ်။

အစီရင်ခံစာထဲမှာ စွပ်စွဲဖော်ပြထားတဲ့ အချက်အလက်တွေဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမတိုင်မီတည်းက ရှိနှင့်ပြီးသား စီးပွားရေးပတ်သက်မှုတွေသာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖြေရှင်းပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကနေ မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချရေး ကန့်သတ်ပိတ်ဆို့ဖို့ အဆိုပြုချက်ကိုလည်း ကုလသမဂ္ဂအထွေထွေညီလာခံမှာ စင်ကာပူက ထောက်ခံမဲပေးခဲ့ကြောင်း ဒေါက်တာဘာလာခရစ်ရှ်နန်က ပြောခဲ့ပါတယ်။

အခုလက်ရှိမှာဆိုရင်လည်း မြန်မာနိုင်ငံကို ကာကွယ်ရေးဆိုင်ရာလက်နက်ပစ္စည်းတွေ တင်ပို့လွှဲပြောင်းရောင်းချတာတွေ တားမြစ်ထားသလို သွင်းကုန်ထုတ်ကုန် စာရင်းမှာ အဲဒီပစ္စည်းတွေ ပါလာတာနဲ့ တားဆီးလိုက်ပါတယ်။

အရပ်သုံးပစ္စည်းကိရိယာတွေဆိုရင်လည်း စစ်ဘက်သုံးလက်နက်ကိရိယာအဖြစ် ပြောင်းလဲအသုံးချနိုင်တယ်လို့ သံသယရှိတာနဲ့ တားဆီးလိုက်တာပါပဲလို့ ဒေါက်တာဘာလာခရစ်ရှ်နန်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

မြန်မာနိုင်ငံကို ကာကွယ်ရေးဆိုင်ရာလက်နက်ပစ္စည်းတွေ တင်ပို့လွှဲပြောင်းရောင်းချတာတွေမလုပ် ဘူးလို့ စင်ကာပူက ပြောနေပေမဲ့ စစ်ကောင်စီအတွက် စစ်လက်နက်တွေ၊ စစ်လေယာဉ်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ၊ လေယာဉ်ဆီစတာတွေကို ဝယ်ယူရာမှာ မြန်မာစစ်အုပ်စုနဲ့ ဆက်နွှယ်တဲ့ စင်ကာပူအခြေစိုက် ကုမ္ပဏီတွေ ပါဝင်ပတ်သက်နေကြတာဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်တဲ့ တရုတ်နဲ့ ရုရှား ၊ ကုလသမဂ္ဂ အဖွဲ့ဝင်ဖြစ်တဲ့ အိန္ဒိယ၊ ဘယ်လာရုစ်၊ ယူကရိန်း၊ အစ္စရေးလ်၊ ဆားဘီးယား၊ ပါကစ္စတန်နဲ့ တောင်ကိုးရီးယားနိုင်ငံတွေဆီကနေ လက်နက်ပစ္စည်းတွေ ဝယ်ယူရရှိနေတယ်လို့မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာတွမ်အန်ဒရူး ရဲ့ ၂၀၂၂ခုနှစ်ဖေ‌ဖော်ဝါရီလကထုတ်တဲ့ အစီရင်ခံစာမှာဖော်ပြခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပြုလုပ်တဲ့ မြန်မာစစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေး သတင်းထုတ်ပြန်ချက်မှာတော့… ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်အထိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအများဆုံး နိုင်ငံသုံးနိုင်ငံဟာ စင်ကာပူ၊ တရုတ်နဲ့ ထိုင်းနိုင်ငံဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ စစ်လက်နက်တွေသုံးပြီး အရပ်သားပြည်သူတွေကို သတ်ဖြတ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတာကြောင့်၊ ဒီကမ္ဘာ့ကုမ္ပဏီကြီးတွေအနေနဲ့ စစ်ကောင်စီနဲ့ စီးပွားရေးလုပ်နေတာတွေကို ချက်ချင်းရပ်တန့်ဖို့လည်း တောင်းဆိုထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်နေပေမယ့် မြန်မာစစ်တပ်ဟာ အဲဒီလို ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ လက်နက်ရောင်းဝယ်ရေး ပိတ်ဆို့မှုတွေကို တောင့်ခံနိုင်ဖို့ ပြည်တွင်းမှာတင် ကိုယ်ပိုင် လက်နက်ထုတ်နိုင်တဲ့ စက်ရုံတွေကို ငွေကြေးအမြောက်အမြားသုံးပြီး နှစ်ပေါင်းများစွာကတည်းက တည်ဆောက်ထားတယ်လို့ ကုလအရာရှိဟောင်းတွေက ထောက်ပြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly