အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းကို ဒေါ်လာ ၁၀ သန်း လှူဒါန်းတဲ့ NBA အိုင်ကွန် ဂျော်ဒန်

အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းကို ဒေါ်လာ ၁၀ သန်း လှူဒါန်းတဲ့ NBA အိုင်ကွန် ဂျော်ဒန်
Photo: AFP

ကြီးကျယ်ခမ်းနားတဲ့ ဘတ်စကက်ဘောကစားသမားကြီး မိုက်ကယ်ဂျော်ဒန်ဟာ ဒီသီတင်းပတ်နှောင်းပိုင်းမှာ သူ့ရဲ့ နှစ် ၆၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် Make-A-Wish ဖောင်ဒေးရှင်းသို့ စံချိန်တင် အလှူငွေ ဒေါ်လာ ၁၀ သန်း ပေးအပ်မှာဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

အသက် ၂-၁၈ နှစ်ကြား ပြင်းထန်တဲ့ ဖျားနာမှုကို ရင်ဆိုင်တိုက်ခိုက်နေရတဲ့ ကလေးတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့ ရည်ရွယ်တဲ့ Make-A-Wish သို့ ဂျော်ဒန်ရဲ့ လှူဒါန်းမှုဟာ အရီဇိုးနား အခြေစိုက် အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းရဲ့ ၄၃ နှစ်သမိုင်းမှာ အကြီးမားဆုံးဖြစ်ပါတယ်။

ခြောက်ကြိမ်မြောက် NBA ချန်ပီယံဆုရှင်ဟာ အကျိုးအမြတ်မယူတဲ့ အဖွဲ့နဲ့ ကာလအတန်ကြာ ပူးပေါင်းခဲ့ပြီး အဖွဲ့အစည်းနဲ့အတူ ၁၉၈၉ မှာ ပထမဆုံး စတင်လုပ်ဆောင်ခဲ့တာပါ။

Make-a-Wish က ထုတ်ပြန်ချက်မှာ အသက် ၅၉ နှစ်အရွယ် ဘီလျံနာက သူ့ရဲ့လုပ်ဆောင်မှုဟာ ဖောင်ဒေးရှင်းကို လှူဒါန်းဖို့ အခြားသူတွေကို လှုံ့ဆော်ပေးမယ်လို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

"လွန်ခဲ့တဲ့ ၃၄ နှစ်အတွင်း Make-A-Wish နဲ့ လက်တွဲပြီး ကလေးတွေ အများကြီးကို အပြုံးနဲ့ ပျော်ရွှင်မှုတွေ ယူဆောင်လာပေးခဲ့တာ ဂုဏ်ယူမိပါတယ်"လို့ ဂျော်ဒန်က သတင်းထုတ်ပြန်ချက်တစ်ခုမှာ ပြောပါတယ်။

“သူတို့ဘဝရဲ့ ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေအတွင်းမှာ သူတို့ရဲ့ ခွန်အားနဲ့ ခံနိုင်ရည်ကို သက်သေပြတာက တကယ့်ကို လှုံ့ဆော်မှုတစ်ခုပါပဲ။

"Make-A-Wish ကို ပံ့ပိုးကူညီရာမှာ တခြားသူတွေနဲ့ ပူးပေါင်းတွေ့မြင်နေရထက် ပိုကောင်းတဲ့ မွေးနေ့လက်ဆောင်လို့ ကျနော် မထင်ပါဘူး။ ဒါ့ကြောင့် ကလေးတိုင်းဟာ သူတို့ရဲ့ ဆန္ဒတွေ ပြည့်စုံလာစေဖို့ မှော်ဆန်မှုကို တွေ့ကြုံခံစားနိုင်စေမှာပါ။"

ဂျော်ဒန်ဟာ ၁၉၈၉ ခုနှစ်မှစလို့ ကမ္ဘာတစ်ဝှမ်းက ကလေးတွေအတွက် ဆန္ဒရာပေါင်းများစွာကို ဖြည့်စည်းပေးခဲ့တယ်လို့ Make-A-Wish က ပြောပါတယ်။

သူ့ရဲ့ ဒေါ်လာသန်းပေါင်းများစွာ လှူဒါန်းကို အနာဂတ်မှာ ပြင်းထန်တဲ့ ရောဂါဝေဒနာရှိတဲ့ ကလေးငယ်တွေနဲ့ လူငယ်တွေအတွက် ဆန္ဒတွေ ဖြည့်စည်းပေးဖို့ ကူညီထောက်ပံ့မှု ဖန်တီးရာမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။

ဂျော်ဒန်ဟာ သူ့ရဲ့ NBA Finals မှာ နိုင်ပြီး NBA ချန်ပီယံဖြစ်လာတဲ့ အသင်းသားတွေရဲ့ အောင်မြင်မှုအမှတ်တံဆိပ် (championship rings)အပြင် NBA Finals MVP ဆုခြောက်ခုဖြင့် သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဘတ်စကက်ဘောကစားသမားအဖြစ် လူအများရဲ့ အသိအမှတ်ပြုခံရသူဖြစ်ပါတယ်။

သူဟာ ၁၉၈၄ ကနေ ၂၀၀၃ အထိ ကစားသမားဘဝမှာ ၅ ရာသီ MVP ဆုနဲ့ ၁၄ ကြိမ် All-Star ဖြစ်ခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required