တောင်တရုတ်ပင်လယ်တွင် အမေရိကန် စစ်ရေးလေ့ကျင့်မှုစပြီးနောက် ထိုင်ဝမ်အနီး တရုတ်ဂျက်လေယာဉ် ၂ ဒါဇင်နီးပါး ပျံသန်း

By ANI
16 February 2023
တောင်တရုတ်ပင်လယ်တွင် အမေရိကန် စစ်ရေးလေ့ကျင့်မှုစပြီးနောက် ထိုင်ဝမ်အနီး တရုတ်ဂျက်လေယာဉ် ၂ ဒါဇင်နီးပါး ပျံသန်း

တောင်တရုတ်ပင်လယ်တွင် အမေရိကန်ရေတပ်နှင့် မရိန်းတပ်ဖွဲ့တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ပြီးနောက် ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက်ပိုင်းက ထိုင်ဝမ်အနီးတွင် တရုတ်တိုက်လေယာဉ် ၁ ဒါဇင်ကျော် ပျံသန်းခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

"ထိုင်ဝမ် အနီးတွင် တရုတ်တိုက်လေယာဉ် ၁၈ စင်းနှင့် စစ်သင်္ဘော ၄ စင်းကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက် ၆ နာရီတွင် တွေ့ရှိခဲ့သည်။ ထိုင်ဝမ်ကာကွယ်ရေးတပ်ဖွဲ့သည် အခြေအနေကို စောင့်ကြည့်ခဲ့ပြီး ကင်းလှည့်လေယာဉ်၊ ရေတပ်သင်္ဘောများနှင့် မြေပြင်အခြေစိုက် ဒုံးကျည်စနစ်များကို တပ်ဖြန့်ရန်ချရန် ညွှန်ကြားခဲ့သည်” ဟု  ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက တွစ်တာတွင် ရေးသားခဲ့သည်။

တွေ့ရှိခဲ့သော လေယာဉ် ၁၁ စင်း (J-11 တိုက်လေယာဉ် ၂ စင်း၊ J-10 ဘက်စုံသုံးတိုက်လေယာဉ် ၄ စင်း၊ J-16 တိုက်လေယာဉ် ၂ စင်း၊ Z-9 ASW စစ်ဘက်သုံး ရဟတ်ယာဉ် ၁ စင်း၊ Y-8 ASW ရေငုံ့သင်္ဘောတိုက်ဖျက်ရေးကင်းလှည့်လေယာဉ် ၁ စင်းနှင့် BZK-005 UAV RECCE မောင်းသူမဲ့ ကင်းထောက်လေယာဉ် ၁ စင်း) သည် ထိုင်ဝမ်ရေလက်ကြားအလယ်မျဉ်းကို ဖြတ်ကျော်သွားခဲ့ပြီး ထိုင်ဝမ်လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်၏ အနောက်တောင်ဘက်သို့ ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

တရုတ်နှင့် အမေရိကန်အကြား ဆက်ဆံရေး ယိုယွင်းလာချိန်တွင် Nimitz အမေရိကန် လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုနှင့် အမှတ် ၁၃  ရေကြောင်းရှာဖွေရေးတပ်ဖွဲ့တို့သည် ဖေဖော်ဝါရီ ၁၁ ရက်နေ့က တောင်တရုတ်ပင်လယ်တွင် စူးစမ်းလေ့လာရေးနှင့်တိုက်ခိုက်မှုတပ်ဖွဲ့တို့၏ ပူးတွဲစစ်ဆင်ရေးကို ပြုလုပ်ခဲ့သည်။ 

အမေရိကန် နိုင်ငံခြားရေးဌာနသည် တောင်တရုတ်ပင်လယ်ရှိ ပင်လယ်ပြင်ဆိုင်ရာ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာရန် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံကို တောင်းဆိုခဲ့ပြီး တရုတ်၏ လုပ်ရပ်များသည် အခြား တောင်တရုတ်ပင်လယ်အရေးဆိုသူများနှင့် ဒေသတွင်း တရားဝင်လှုပ်ရှားနေသည့် နိုင်ငံများကို မသိကျိုးကျွံဆက်ပြုနေသည်ဟု သတိပေးခဲ့သည်။

တောင်ကယ်ရိုလိုင်းနားကမ်းရိုးတန်းတွင် တွေ့ရှိရသည့် သံသယရှိဖွယ် တရုတ်သူလျှိုမိုးပျံပူဖောင်း ပစ်ချခံရပြီးနောက် အမေရိကန်နှင့်တရုတ်ဆက်ဆံရေးမှာ ပိုမိုဆိုးရွားလာခဲ့သည်။
အမေရိကန်သည် ယနေ့အချိန်ထိ သူလျှိုမိုးပျံပူဖောင်းကဲ့သို့သော အမည်မသိ အရာဝတ္ထု ၄ ခုကို ပစ်ချခဲ့သည်။

" ကျွန်တော်တို့ ပြီးခဲ့တဲ့အပတ်က ပြတ်ပြတ်သားသား ပြောခဲ့သလိုပဲ အမှားမလုပ်မိပါစေနဲ့။  တရုတ်နိုင်ငံက ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာကို ခြိမ်းခြောက်မယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံကို ကာကွယ်ဖို့ လုပ်ဆောင်သွားမှာပါ။ ပြီးတော့ ကျွန်တော်တို့ လုပ်လည်း လုပ်ဆောင်ခဲ့ပါတယ်" ဟု သမ္မတဘိုင်ဒင်က ပြီးခဲ့သည့် သီတင်းပတ်က နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ပြောကြားခဲ့ကြောင်း Fox News က ဖော်ပြခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly