ဂူထဲပိတ်မိရာမှ ပြန်လွတ်မြောက်ခဲ့သည့် ထိုင်းတောဝက်ဘောလုံးအသင်း၏ ကပ္ပတိန် ဗြိတိန်၌ ကွယ်လွန်

ဂူထဲပိတ်မိရာမှ ပြန်လွတ်မြောက်ခဲ့သည့် ထိုင်းတောဝက်ဘောလုံးအသင်း၏ ကပ္ပတိန် ဗြိတိန်၌ ကွယ်လွန်

၂၀၁၈ ခုနှစ်က ထိုင်းနိုင်ငံတွင် ရေဝင်နေသည့် လိုဏ်ဂူထဲ ပိတ်မိခဲ့ပြီး နိုင်ငံတကာအဖွဲ့တစ်ခု၏ ကယ်တင်မှုကြောင့် ပြန်လွတ်မြောက်ခဲ့သော ထိုင်းလူငယ်ဘောလုံးအသင်း (တောဝက်အသင်း) ၏ အသင်းသားတစ်ဦးဖြစ်သည့် ဒွန်ပတ်ချ် ပရွမ်သပ်သည် ယခုအခါ ဗြိတိန်၌ ကွယ်လွန်သွားခဲ့ပြီဟု သိရသည်။

အသက် ၁၇ နှစ်ရှိ အဆိုပါ ထိုင်းဆယ်ကျော်သက်လူငယ်သည် ဦးခေါင်းဒဏ်ရာတစ်ခု ရရှိခဲ့သည်ဟု သိရပြီး ၎င်းသေဆုံးရခြင်း၏ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရကြောင်း ဘီဘီစီက ဖော်ပြသည်။

အဆိုပါ လူငယ် ကွယ်လွန်ကြောင်းကို ၎င်း၏ မိခင်ဖြစ်သူက မွေးရပ်မြေရှိ ဝတ်ဒွိုင်ဝါအို ဘုရားကျောင်းထံ အကြောင်းကြားခဲ့သည်ဟု သိရသည်။

၂၀၁၈ ခုနှစ် ကယ်ဆယ်မှုဖြစ်စဉ်နောက်ပိုင်းတွင် အဆိုပါ တောဝက်ဘောလုံးအသင်းသားများသည် ၎င်းတို့အား ကယ်တင်မှု မစ်ရှင်အတွင်း အသက်ဆုံးရှုံးခဲ့ရသည့် ထိုင်းရေတပ်အထူးတပ်ဖွဲ့ဝင်ဟောင်း ဆာမန်း ကူနန်ကို ရည်စူးဂုဏ်ပြုသောအားဖြင့် ကိုရင်ဝတ် ရဟန်းခံခဲ့ကြသည်။

ဆယ်ကျော်သက်လူငယ် ဒွန်ပတ်ချ်သည် မတော်တဆမှုတစ်ခုကြောင့် သေဆုံးသွားသည်ဟု ၎င်း၏ အဘွားဖြစ်သူထံမှ သိရကြောင်း ဒွန်ပတ်ချ်၏ ဆရာဟောင်းဖြစ်သလို ဗုဒ္ဓဘာသာဝင်ရဟန်းတစ်ပါးလည်း ဖြစ်သည့် ဆူပတ်ပေါင် မက်သီဂိုက ဖေဖေါ်ဝါရီ ၁၅ ရက်၌ ဖေ့ဘွတ်ခ်တွင် တင်သည်။

ဒွန်ပတ်ချ်သည် ဘုရားဝတ်ပြုရာတွင် ထူးချွန်ပြီး စာပေကို ကြိုးစားပမ်းစား လေ့လာခဲ့သည့် လူတော်လေးတစ်ဦးဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။

“နောက်ဘဝကျရင်လည်း မင်းကို ငါ့တပည့်တစ်ဦး ထပ်ဖြစ်စေချင်တယ်” ဟု ၎င်းက ရေးသည်။

ဒွန်ပတ်ချ်ကို အင်္ဂလန်တွင် ပညာသင်ယူနိုင်ရန် ပညာသင်ဆုရရေး ကူညီပေးခဲ့သည့် ထိုင်း  အကျိုးအမြတ်မယူသော အဖွဲ့ Zico ဖောင်ဒေးရှင်းကလည်း ဖေဖေါ်ဝါရီ ၁၅ ရက်တွင် ဖေ့ဘွတ်ခ်မှတစ်ဆင့် ဝမ်းနည်းကြောင်း ထုတ်ပြန်သည်။

၂၀၂၂ တွင် ဒွန်ပတ်ချ်သည် လီစက်စတာရှိုင်း ရှိ Brooke House ကောလိပ် ဘောလုံးအကယ်ဒမီသို့ ရောက်ရှိခဲ့ပြီး “အိပ်မက်က လက်တွေ့ဖြစ်လာပြီ” ဟု ၎င်းက ပြောခဲ့သည်။

“ကျွန်တော် အာရုံစိုက်ပြီး အကောင်းဆုံးကြိုးစားသွားမယ်လို့ ကတိပေးတယ်” ဟု ၎င်းက အင်စတာဂရမ်တွင် ပို့စ်တင်သည်။

ဒွန်ဟု သိကြသည့် အဆိုပါ ဆယ်ကျော်သက်လူငယ်သည် ထိုင်းတောဝက်ဘောလုံးအသင်း၏ ကပ္ပတိန်ဖြစ်ပြီး ၎င်းအပါအဝင် အသင်းသားများသည် ၂၀၁၈ ခုနှစ်က နည်းပြဖြစ်သူနှင့်အတူ ထမ်လွန့်ဂူထဲ ဝင်ရောက်လေ့လာရင်း ပိတ်မိခဲ့ကြခြင်း ဖြစ်သည်။

ထိုစဉ်က အသက် ၁၁ နှစ်မှ ၁၆ နှစ်အထိ ပါဝင်သော လူငယ်ကောင်လေး ၁၂ ဦးနှင့် ၎င်းတို့၏ အသက် ၂၅ နှစ်အရွယ် နည်းပြဖြစ်သူတို့သည် ၂၀၁၈ ဇွန် ၂၃ ရက်က မယ်ဆိုင်အရပ်ရှိ လိုဏ်ဂူဆီသို့ စက်ဘီးစီး ထွက်လာခဲ့ကြပြီး မုတ်သုံမိုးအကြီးအကျယ် ရွာလိမ့်မည်ဆိုသည်ကို မသိဘဲ ခုနစ် ကီလိုမီတာရှိ လိုဏ်ဂူထဲ ဝင်ရောက်စူးစမ်းခဲ့ကြသည်။

၎င်းတို့ အပြင်သို့ ပြန်ထွက်ချင်သည့်အခါတွင်  လိုဏ်ဂူအခန်းများထဲတွင် ရေများပြည့်နေပြီး ထွက်ပေါက်ပိတ်နေသည်ကို တွေ့ခဲ့ရသည်။ ၎င်းတို့ ပျောက်နေမှုကြောင့် ရှာဖွေကယ်ဆယ်ရေး မစ်ရှင်တစ်ရပ်ကို လုပ်ဆောင်ခဲ့ရကာ ယင်းသည် ကမ္ဘာပေါ်တွင် ကြုံတွေ့ထားရသမျှအနက် အရှုပ်ထွေးဆုံးနှင့် နိုင်ငံစုံပါသော မစ်ရှင်များအနက် တစ်ခု ဖြစ်ခဲ့သည်။

၁၇ ရက်ကြာသည့် ရှာဖွေကယ်ဆယ်မှုတွင် ထိုင်းနိုင်ငံတွင်းနှင့် နိုင်ငံပြင်ပမှ လူပေါင်း ၁၀,၀၀၀ ကျော် လာရောက်ဝိုင်းဝန်းကူညီပေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required