မြန်မာတွင် တရုတ်ဂိုဏ်းများက ဒီဂျစ်တယ်ငွေကြေးလိမ်လည်မှု၌ ဖိလစ်ပိုင်များကို အတင်းအကျပ်စေခိုင်း 

မြန်မာတွင် တရုတ်ဂိုဏ်းများက ဒီဂျစ်တယ်ငွေကြေးလိမ်လည်မှု၌ ဖိလစ်ပိုင်များကို အတင်းအကျပ်စေခိုင်း 

အရှေ့တောင်အာရှ၌ တရုတ်ဂိုဏ်းများ လည်ပတ်နေသော ဒီဂျစ်တယ်ငွေကြေး လိမ်လည်မှုလုပ်ငန်းများသည် ၎င်းတို့အတွက် အလုပ်လုပ်ပေးရန်အတွက် အင်္ဂလိပ်ဘာသာစကား တတ်ကျွမ်းမှုနှင့် ကွန်ပျူတာကျွမ်းကျင်မှုတို့ကြောင့် ဖိလစ်ပိုင်များကို ပစ်မှတ်ထားလျက်ရှိကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားတို့တွင် လည်ပတ်နေသော လိမ်လည်မှုကွန်ရက်အတွက် ဖိလစ်ပိုင်များသည် “အဓိက” ပစ်မှတ်ထားခံနေရသည့်ဟု နိုင်ငံခြားရေးဌာန ရွှေ့ပြောင်းဝင်ရောက်သူများဆိုင်ရာ ယာယီလက်ထောက်အတွင်းဝန် ဒီဗီဂါက ပြောသည်။ 

လိမ်လည်မှုလုပ်ငန်းအတွင်း ခိုင်းစေခံရသည့် ဖိလစ်ပိုင်များကို နိုင်ငံရင်းပြန်ပို့နိုင်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိပြီး ပြီးခဲ့သည့်နှစ်မှစတင်ကာ လူ ၁၀၀ ကျော်ကို နေရပ်ပြန်ပို့နိုင်ခဲ့သည်ဟု ဒီဗီဂါက ပြောသည်။ 

တနင်္လာနေ့ကပင် မနီလာသို့ နေရပ်ပြန်ပို့ပေးသည့် နောက်ဆုံးအုပ်စု ရောက်ရှိခဲ့သည်။ အားလုံးက အသက် ၃၀ ဝန်းကျင်ဖြစ်သည့် အမျိုးသားလေးဦးသည် နှစ်လနီးပါးကြာမျှ မြန်မာနိုင်ငံအတွင်းသို့ လူမှောင်ခိုသွင်းခြင်း ခံခဲ့ရပြီး ယင်းကာလအတွင်း ထိန်းသိမ်းထားခံရခြင်းဖြစ်သည်ဟု ဒီဗီဂါက အေအက်ဖ်ပီသို့ ပြောသည်။ 

ထိုင်းတွင် အလုပ်လုပ်ရမည်ဟု စည်းရုံးခံရသည့် ၎င်းတို့သည် ဘန်ကောက်သို့ ရောက်ရှိချိန်၌ ထိုင်းအနောက်ပိုင်း မဲဆောက်မြို့သို့ ခေါ်ဆောင်ခံရပြီး ယင်းနောက် နယ်စပ်ကို ဖြတ်ကာ မြန်မာနိုင်ငံက “သူပုန်ပိုင်နက်”သို့ ပို့ဆောင်ခံရခြင်း ဖြစ်သည်ဟု ဒီဗီဂါက ဆိုသည်။ 

ယင်းအရပ်တွင် “ဒီဂျစ်တယ်ငွေကြေးတွင် ရင်းနှီးမြှုပ်နှံရန် အွန်လိုင်းပေါ်မှနေ၍ လူများကို လိမ်လည်လှည့်ဖျားရသည့် အလုပ်ကို အတင်းအကျပ် စေခိုင်းခံရသည်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်၌ ဖော်ပြသည်။ 

မြန်မာနိုင်ငံ၏ နယ်စပ်နယ်မြေများသည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်တပ်နှင့်နွယ်သော ပြည်သူ့စစ်များက ဆိုင်ရာနယ်မြေအလိုက် ထိန်းချုပ်နေကြခြင်းဖြစ်ပြီး နယ်မြေပိုင်နက်၊ အကျိုးအမြတ်များသော သစ်လုပ်ငန်းနှင့် ကျောက်စိမ်းသယံဇာတရင်းမြစ်များအတွက် တိုက်ခိုက်နေရာ ဖြစ်သကဲ့သို့ မူးယစ်ဆေးဝါး ကုန်သွယ်ရာလည်း ဖြစ်နေသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly