တရုတ်တွင် ဆေးဘက်ဆိုင်ရာ အကျိုးခံစားခွင့်များ လျှော့ချသည့်အပေါ် ထောင်နှင့်ချီသော အငြိမ်းစားများ ဆန္ဒပြ

By RFA
15 February 2023
တရုတ်တွင် ဆေးဘက်ဆိုင်ရာ အကျိုးခံစားခွင့်များ လျှော့ချသည့်အပေါ် ထောင်နှင့်ချီသော အငြိမ်းစားများ ဆန္ဒပြ

တရုတ်နိုင်ငံအလယ်ပိုင်း၊ ဝူဟန်မြို့မှ လူထောင်ပေါင်းများစွာသည် ဆေးဘက်ဆိုင်ရာအကျိုးခံစားခွင့် အများအပြားလျှော့ချခံရမှုအပေါ် ကန့်ကွက်သည့်အနေဖြင့် အစိုးရရုံးများ၏ အပြင်ဘက်တွင် ဖေဖော်ဝါရီလ ၈ ရက်က ဆန္ဒပြခဲ့ကြကြောင်း လူမှုမီဒီယာတွင် ပျံ့နှံနေသော ဗီဒီယိုများတွင် တွေ့မြင်ရသည်။

ဆန္ဒပြရာနေရာသို့ ယူနီဖောင်းဝတ်ရဲများနှင့် အရပ်ဝတ်ရဲ အများအပြား ရောက်လာခဲ့ကြပြီး ဌာနဆိုင်ရာဘတ်စ်ကားများစွာလည်း ရပ်ထားကြောင်း ကိုဗစ်-၁၉ ကပ်ရောဂါ၏ဗဟိုချက်ဖြစ်သော ဝူဟန်မြို့ခံတစ်ဦးဖြစ်သူ ကျန်းက ပြောကြားခဲ့သည်။

ဒီဇင်ဘာလတွင် အဆုံးသတ်ခဲ့သော သမ္မတရှီကျင့်ဖျင်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ၃ နှစ်ကြာ ကျင့်သုံးခဲ့မှုကြောင့် ဘဏ္ဍာငွေများကုန်ခန်းနေသည့် ကျပ်တည်းနေသော ဒေသန္တရအစိုးရများကို ငွေကြေးထောက်ပံ့မည်မဟုတ်ကြောင်း ပေကျင်းရှိ ဗဟိုအစိုးရက သတိပေးပြီးနောက် အငြိမ်းစားဝန်ထမ်းများ၏ ဆန္ဒပြမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

"ဒီနိုင်ငံကြီး ဒုက္ခရောက်နေပြီ၊ ကျန်းမာရေးဆိုင်ရာ ထောက်ပံ့ငွေတွေ မပေးဘူး၊ ဘယ်လိုများ လျှော့ချဖြတ်တောက် ရက်တာလဲ" ကျန်းက ပြောသည်။ 

" ကျန်းမာရေး အကျိုးခံစားခွင့်တွေကို ၁ လကို ယွမ် ၂၆၀ (၃၈ ဒေါ်လာ) ကနေ ယွမ် ၁၀၀ (၁၅ ဒေါ်လာ) အောက်အထိ ဘာကြောင့် ဖြတ်တောက်ပစ်ရတယ်ဆိုတာ အစိုးရအနေနဲ့ ဖြေရှင်းချက်ပေးဖို့ အငြိမ်းစားတွေက တောင်းဆိုနေကြတာပါ" ဟု ဗီဒီယိုတစ်ခုတွင် စာတန်းထိုး ဖော်ပြထားသည်။
“အစိုးရဆီက အဖြေမရဘူးဆိုရင် ဒီထက်ပိုကြီးတဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်ကြလိမ့်မယ်” ဟု စာထဲတွင် ဖော်ပြထားသည်။

သူတို့အားလုံးက ပြည်သူတွေကို အလုပ်အကျွေးပြုနေတယ်လို့ ပြောနေကြပေမယ့် တကယ်တမ်း ဘယ်သူတွေအတွက် အလုပ်လုပ်နေကြတာလဲ၊ ဝူဟန်မှာ အငြိမ်းစားဝန်ထမ်း ၁ သန်းကျော်ရှိတယ်။ ဒီနေ့ ဒီမှာ ထောင်နဲ့ချီ ရောက်လာကြတာပါ။” ဟု ဆန္ဒပြသူတစ်ဦးက ပြောသည်။

ဆန္ဒပြသူအများစုသည် ဝူဟန် သံနှင့်သံမဏိစက်ရုံမှ အငြိမ်းစားဝန်ထမ်းများဖြစ်ပြီး တချို့မှာ တခြားနိုင်ငံပိုင်လုပ်ငန်းများမှ ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly