ရေးမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ(၅၈၇) ကင်းဂိတ်ကို MSRO ပစ်ခတ်တိုက်ခိုက်

By ဂျူချန်း
14 February 2023
ရေးမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ(၅၈၇) ကင်းဂိတ်ကို MSRO ပစ်ခတ်တိုက်ခိုက်

မဇ္ဈိမ။     ။ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာရှိ စစ်ကောင်စီတပ် အမှတ်(၅၈၇) ခြေမြန်တပ်ရင်းမှ ကင်းစောင့်သည့်ဂိတ်အား ယနေ့ ဖေဖော်ဝါရီလ ၁၄ရက် နံနက် ၆နာရီခွဲဝန်းကျင်တွင် မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့ (MSRO)က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

"၄၀ မမ ဗုံးသီးကို ၇၉ ဗုံးပစ်လောင်ချာနဲ့ ကင်းဂိတ်အနီးအထိ သွားရောက် ပစ်တာပါ။ တပ်ရင်းနှစ်ခုအနီးမှာ ဖြစ်တဲ့အတွက် ပစ်ပြီးတာနဲ့ပြန်ဆုတ်ခဲ့ရတယ်၊ သူတို့ဘက်ကပြန်ပစ်တာ မရှိခဲ့ဘူး"ဟု MSRO ၏ စစ်ရေးတာဝန်ခံ ကိုဒီဃာက ပြောသည်။

အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံဖြစ်သည့် ရေးမြို့အခြေစိုက် ခမရ(၅၈၇)တပ်မှ ကင်းစောင့်သည့်ဂိတ်အား MSRO က ၄၀ မမ ဗုံးသီးများဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ၎င်းကရှင်းပြသည်။

စစ်ကောင်စီတပ် ခမရ(၅၈၇)တပ်ရင်းနှင့် မျက်နှာချင်းဆိုင် (၃၄၁)တပ်ရင်း နေရာကိုပါ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သောကြောင့် တပ်ရင်းများ၏ ကင်းဂိတ်စခန်းနေရာများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များပါ ထိခိုက်မှုရှိသည်ဟု MSRO ၏ စစ်ရေးတာဝန်ခံ ကိုဒီဃာက မဇ္ဈိမကိုပြောသည်။

ရေးမြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်ဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

“မာရှယ်လောထုတ်ထားပြီးတဲ့နောက်တော့ မစ်ရှင်တွေလုပ်ရတာတော့ အချိန်နဲ့ပတ်သက်ပြီး အခက်အခဲရှိတယ်။ မာရှယ်လောထုတ်တာက သူတို့အလုပ်။ ကျွန်တော်တို့အနေနဲ့လည်း ရတဲ့အချိန် ရသလိုဝင်မှာပါပဲ။ ဒီ မာရှယ်လောထုတ်ထားလို့ ရေးကို သူတို့လွယ်လွယ်နဲ့ ထိန်းချုပ်လို့တော့ မရနိုင်ဘူး။ သူတို့လည်းကြိုးစားပေါ့ ကျွန်တော်တို့လည်း တိုက်ရမှာပဲလေ” ဟု ဆိုသည်။

MSRO အဖွဲ့သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့တွင် စတင်တည်ထောင်ထားသည့် အဖွဲ့ဖြစ်ပြီး ၂၀၂၂ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့တွင် MSRO တာဝန်ခံဖြစ်သည့် ကိုသီဟနေစိုး (ခ) တိုဘီ သည် တိုက်ပွဲတစ်နေရာတွင် ကျဆုံးခဲ့ရသည်။

ယင်းနောက်ပိုင်း စခန်းရွှေ့ပြောင်းကိစ္စရပ်များကြောင့် MSRO အဖွဲ့မှာ တိုက်ခိုက်မှုများအား နှစ်လကျော်ခန့် ရပ်နားခဲ့ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ရေးဘီလူးအဖွဲ့နှင့်ပူးပေါင်းကာ စစ်ကောင်စီသတင်းပေးဆိုသူ ကိုဝင်းထွန်းအား ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေးမြို့တွင် စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ကောင်စီဒေါက်တိုင်များအား မကြာခဏ တိုက်ခိုက်လျက်ရှိရာ ဖေဖော်ဝါရီလ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် ခလရ(၅၉၁) တပ်ရင်းအား ရေးမြို့နယ်ကာကွယ်ရေးအထူးတပ်ဖွဲ့ (YSTF) က နှစ်ရက်ဆက်တိုက် သွားရောက်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကနင်ကမော့ကျေးရွာနှင့် အောင်သာယာရွာကြား၌ စစ်ကောင်စီတပ်သား ငါးဦးပါသည့်ကားအား ရေးပြောက်ကျားတပ်ဖွဲ့ (YGF) နှင့်ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ ခမရ(၅၄၅) မှ ဗိုလ်ကြီးမြတ်သူ ဆိုသူအား ဖမ်းဆီးရမိခဲ့သည်။

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly