အမေရိကန်နှင့် ဖိလစ်ပိုင်က တောင်တရုတ်ပင်လယ်တွင် ပူးတွဲကင်းလှည့်မှုများ ပြန်လည်စတင်မည်

By Daily-sun
14 February 2023
အမေရိကန်နှင့် ဖိလစ်ပိုင်က တောင်တရုတ်ပင်လယ်တွင် ပူးတွဲကင်းလှည့်မှုများ ပြန်လည်စတင်မည်

တရုတ်၏ စစ်အင်အားကြီးမားလာမှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်နှင့် ဖိလစ်ပိုင်တို့က   တောင်တရုတ်ပင်လယ်တွင် ပူးတွဲကင်းလှည့်မှုများ ပြန်လည်စတင်ရန် သဘောတူညီခဲ့ကြကြောင်း အမေရိကန်ကာကွယ်ရေးဌာနက ပြောကြားသည်။
သမ္မတဟောင်း ဒူတာတေးလက်ထက်တွင် အပြင်းအထန်အငြင်းပွားနေသည့် ဧရိယာများတွင် နှစ်နိုင်ငံ ရေကြောင်းကင်းလှည့်မှုများကို ဆိုင်းငံ့ထားခဲ့သည်။

လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ကူညီဖြေရှင်းရေးအတွက် တောင်တရုတ်ပင်လယ်တွင် ပူးတွဲ ရေကြောင်း ကင်းလှည့်မှုများ ပြန်လည်စတင်ရန် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်၏ မနီလာမြို့သို့ ခရီးစဉ်အတွင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ကာလီတိုဂယ်လ်ဗက်ဇ်နှင့် သဘောတူညီခဲ့သည်။

ဖိလစ်ပိုင်၏ မဟာဗျူဟာမြောက်နယ်မြေများရှိ နောက်ထပ် အခြေစိုက်စခန်း ၄ ခုကို အမေရိကန်တပ်ဖွဲ့ဝင် များအားအသုံးပြုခွင့်ပေးသည့် သဘောတူညီချက်တစ်ရပ်ကိုလည်း ထုတ်ပြန်ကြေညာခဲ့သည်။
ကိုလိုနီသခင်ဟောင်းဖြစ်သည့် အမေရိကန်ထက် တရုတ်ကို ပိုမိုဦးစားပေးခဲ့သည့် သမ္မတဟောင်း ဒူတာတေး လက်ထက်တွင် ပျက်ပြားခဲ့သော မဟာမိတ်ဆက်ဆံရေးကို ပြန်လည်ပြုပြင်ရန် ကြိုးပမ်းနေချိန်တွင် ယင်းသဘောတူညီချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
ဖာဒီနန်မားကို့စ်အစိုးရအသစ်က အမေရိကန်နှင့်  ဆက်ဆံရေးပြန်လည်ကောင်းမွန်ရေးကို လိုလားခဲ့သည်။

ထိုင်ဝမ်အပေါ် တရုတ်၏ ရန်လိုမှု များလာခြင်းနှင့် အငြင်းပွားနေသော တောင်တရုတ်ပင်လယ်တွင် တရုတ်အခြေ စိုက်စခန်းများ တည်ဆောက်ခြင်းက အမေရိကန်နှင့် ဖိလစ်ပိုင်တို့၏ မိတ်ဖက်ဆက်ဆံရေးကို ခိုင်မာစေရေး တွန်းအားသစ်များဖြစ်ခဲ့သည်။

ဖိလစ်ပိုင်သည် ထိုင်ဝမ်နှင့် အနီးပတ်ဝန်းကျင်ရှိရေပိုက်နက်များနှင့် ထိစပ်နေသည့်အတွက် တရုတ်နှင့် ပဋိပက္ခဖြစ်လာပါက ဖိလစ်ပိုင်၏ ပူးပေါင်းဆောင်ရွက်မှုသည် အခရာကျလာနိုင်ပြီး ထိုင်ဝမ်ကို တရုတ်ကျူးကျော်မှုသည် ၂၀၂၅ ခုနှစ်အစောပိုင်းတွင် ဖြစ်လာနိုင်ကြောင်း ကြယ်လေးပွင့်အဆင့်ရှိ အမေရိကန်လေတပ်ဗိုလ်ချုပ်ကြီးက သတိပေးထားသည်။ 

ဖိလစ်ပိုင်ကာကွယ်ရေး ဦးစီးချုပ် ကာလီတိုဂယ်လ်ဗက်ဇ်နှင့် လွိုက်အော်စတင်တို့သည် ဖေဖော်ဝါရီလ ၂ ရက်က ကာကွယ်ရေးဆွေးနွေးပွဲအပြီးတွင် ပူးတွဲကင်းလှည့်ရေးအတွက် သဘောတူညီချက်ရရှိခဲ့သည်ဟု ဖိလစ်ပိုင်အကြီးတန်းအရာရှိတစ်ဦးက AFP သို့ ဖေဖော်ဝါရီလ ၃ ရက် တွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly