ရခိုင်ပြည်နယ် မြို့နယ် ၁၃ ခုတွင် ဘင်္ဂါလီများနေထိုင်လျက်ရှိသည်ဟု တပ်ချုပ်ကြီးပြောဆို

ရခိုင်ပြည်နယ် မြို့နယ် ၁၃ ခုတွင် ဘင်္ဂါလီများနေထိုင်လျက်ရှိသည်ဟု တပ်ချုပ်ကြီးပြောဆို
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များအား အာဆီယံစစ်ဦးစီးအချို့နှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

မတ်လ ၁၆ ရက် ။            ။ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ ခုမှ ၁၃ မြို့နယ်တွင် ဘင်္ဂါလီများနေထိုင်လျက်ရှိသည်ဟု မြန်မာတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အာဆီယံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အစည်းအဝေး၌ ထုတ်ဖော်ပြောကြားလိုက်သည်။

မတ်လ ၁၄ ရက် နေ့နံနက်ပိုင်းက လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ (၁၃) ကြိမ်မြောက် ကျင်းပသည့် ယင်းအလွတ်သဘော အစည်းအဝေးတွင် ပြောကြားကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

အင်္ဂလိပ်ကိုလိုနီခေတ် ၁၈၅၀ ခုနှစ်နောက်ပိုင်းတွင် ရခိုင်ပြည်နယ် ဘူးသီတောင်၊ မောင်တောနယ်မြေများသို့ စပါးစိုက်ချိန် နှင့် ရိတ်သိမ်းချိန်များတွင် အလုပ်သမားများအဖြစ် အင်္ဂလိပ်တို့ ခေါ်ဆောင်လာရာမှ ဘင်္ဂါလီလူမျိုးများ စတင် အခြေချ နေထိုင်ခဲ့သည်ဟု ဆိုသည်။

မတ် ၁၃-၁၅ ရက်ထိ ကျင်းပသည့် ယင်းအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်များဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ လာအို၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် တို့မှ တပ်မတော်စစ်ဦးစီးချုပ်နှင့် ဒုတိယ စစ်ဦးစီးချုပ်များ တက်ရောက်ဆွေးနွေးကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပြောဆိုမှုအရ ကိုလိုနီခေတ် ၁၈၇၂ ခုနှစ် သန်းခေါင်စာရင်းအရ စစ်တကောင်းသား ဘင်္ဂါလီ ၅၈၂၃၅ ဦးရှိသာခဲ့သော်လည်း၊ နှစ်ပေါင်း ၁၄၀ ကျော်ပြီးနောက် ယနေ့ကာလ ၂၀၁၅ ခုနှစ် လူဦးရေစာရင်းအရ ၁၀၂၈၅၃၀ ဦးရှိသည်ဟုဆိုသဖြင့် လူ ၉ သိန်း ၇ သောင်းကျော် တိုးပွားလာခြင်းဖြစ်သည်။

ထို့ပြင် ၂၀၁၂ ခုမှစ၍ လူပွဲစားများက လှေကြီးများဖြင့် ဘင်္ဂလားဒေ့ရှ်မှ ထိုင်းနိုင်ငံ ရနောင်းသို့ ဘင်္ဂါလီများကို သယ်ယူခဲ့ရာ မြန်မာနိုင်ငံမှ ဖမ်းမိခဲ့သည့် လှေစီးဘင်္ဂါလီများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထွက်ပြေးလာသူအများစုဖြစ်ကြောင်း စိစစ်တွေ့ရှိရ သည်ဟု ဆိုသည်။

ယင်းဘင်္ဂါလီများသည် "ကမ္ဘာ့နိုင်ငံတချို့ရှိ အစွန်းရောက်အဖွဲ့အစည်းများ" ၏ အကူအညီဖြင့် ရခိုင်ဒေသရှိ ဘင်္ဂါလီများ အား ရိုဟင်ဂျာလူမျိုးအဖြစ် အသိအမှတ်ပြုလာစေရန်နှင့် ၎င်းတို့အဖွဲ့အစည်းများ ဆက်လက်ရပ်တည်နိုင်ရေး ကြိုးပမ်းနေ သည်ဟုလည်း တပ်ချုပ်ကြီးက ပြောဆိုသွားသည်။

ဒေသတွင်း တည်ငြိမ်မှုအား ထိခိုက်စေနိုင်ခြင်းရှိ/မရှိကိုမူ သက်ဆိုင်ရာ အဖွဲ့အစည်းများက သေချာစွာစိစစ်ရန် လိုအပ်ပြီး ကြိုတင်တားဆီးကာကွယ်ရန် အာဆီယံတပ်မတော်များအကြား ပူးပေါင်းဆောင်ရွက်ခြင်းကို တိုးချဲ့လုပ်ဆောင်ရမည်ဟု အကြံပြုပြောဆိုခဲ့သည်။

အစည်းအဝေးသဘာပတိ လာအိုပြည်သူ့တပ်မတော်စစ်ဦးစီးချုပ် Maj-Gen Souvone LEVANGBOUNMY ကလည်း အာဆီယံဒေသတွင်း တည်ငြိမ်အေးချမ်းမှုအတွက် အာဆီယံ တပ်မတော်များ အနေဖြင့် ပိုမိုပူးပေါင်း ဆောင်ရွက်သွားကြ ရမည်ဟု ၎င်း၏ အဖွင့်အမှာစကားတွင် ထည့်သွင်းပြောဆိုသည်။

အစည်းအဝေးကာလအတွင်း၌လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များသည် နှစ်နိုင်ငံသီးခြားစီ တွေ့ဆုံ၍ ချစ်ကြည်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စများ ဆွေးနွေးခဲ့ကြသေးသည်။

အစည်းအဝေးတက်ရောက်သည့် စစ်ဦးစီးများသည် အာဆီယံတပ်မတော်များ၏ ၂၀၁၆-၂၀၁၈ ခု၊ ၂ နှစ်လုပ်ငန်း စီမံချက် အား ဆွေးနွေးကြပြီးနောက် (၁၃) ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး ပူးတွဲကြေညာချက်အား လက်မှတ်ရေးထိုးကြသည်။

မတ်လ ၁၅ ရက်နေ့ နံနက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့သည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှ တပ်မတော် အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာပြီး   နေပြည်တော်သို့   ရောက်ရှိနေပြီဖြစ်သည်။

(၁၂) ကြိမ်မြောက် အစည်းအဝေးကိုမူ မလေးရှားနိုင်ငံ ကွာလမ်လာပူမြို့၌ ၂၀၁၅ ခု ဖေဖော်ဝါရီ အတွင်းက ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံက သဘာပတိအဖြစ်ဆောင်ရွက်သည့် (၁၁) ကြိမ်မြောက် အစည်းအဝေးကို နေပြည်တော်၌ ၂၀၁၄ ခု မတ်လ တွင်ကျင်းပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly