အာဖဂန်အမျိုးသမီးနှင့် မိန်းကလေးငယ်များ မိမိတို့နိုင်ငံမှာပင် ရေခြားမြေခြားသို့ ပို့ခံရသလိုဖြစ်နေကြောင်း ကုလအကြီးအကဲ ပြောကြား

By ANI 
14 February 2023
အာဖဂန်အမျိုးသမီးနှင့် မိန်းကလေးငယ်များ မိမိတို့နိုင်ငံမှာပင် ရေခြားမြေခြားသို့ ပို့ခံရသလိုဖြစ်နေကြောင်း ကုလအကြီးအကဲ ပြောကြား

တာလီဘန်၏ တားမြစ်ပိတ်ပင်မှုများကြောင့် အာဖဂန်အမျိုးသမီးများသည် ပညာရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ဆက်လက်ရင်ဆိုင်နေရသည့်အတွက် စစ်ဘေးသင့် အာဖဂန်နစ္စတန်မှ အမျိုးသမီးများသည် ကိုယ့်နိုင်ငံမှာပင် ရေခြားမြေခြားသို့ ပို့ခံရသလို ခံစားနေကြရသည်ဟု  ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က မကြာသေးမီက ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့ကြောင်း TOLOnews သတင်းတွင် ဖော်ပြထားသည်။

အာဏာပိုင်များက ပညာသင်ယူခွင့် ပိတ်ပင်ထားခြင်းကြောင့် အာဖဂန်နစ္စတန်နိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အခြေခံအခွင့်အရေးများ နင်းချေခံနေရသည်ဟု ကုလသမဂ္ဂအကြီးအကဲက ပြောသည်။
ဂူတာရက်စ်က အာဖဂန်နစ္စတန်ရှိ အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခွင့်အရေးနှင့်ပတ်သက်ပြီး စိုးရိမ်ကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည်။

သို့သော် တာလီဘန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇာဘီအူလာ မူဂျာဟစ်က အဆိုပါ ပြောဆိုချက်ကို ငြင်းဆိုခဲ့ပြီး အာဖဂန်နစ္စတန်တွင် အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခွင့်အရေးများကို ထိန်းသိမ်းကာကွယ်လျက်ရှိ ကြောင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အမျိုးသမီးရေးရာ ကိစ္စရပ်များကိုအသုံးချ၍ လက်ရှိအစိုးရကို ဖိအားပေးခြင်းမှ ရှောင်ကြဉ်သင့်ကြောင်း ပြောဆိုခဲ့သည်။

“ဒီကိစ္စကို နိုင်ငံရေး လက်နက်လုပ်ပြီး ဖိအားပေးတဲ့ နည်းလမ်းအဖြစ် မသုံးသင့်ဘူး” ဟု မူဂျာဟစ်က ပြောကြားခဲ့ကြောင်း TOLOnews သတင်းတွင် ဖော်ပြထားသည်။
မိန်းကလေးများ အမြန်ဆုံးကျောင်းတက်ရောက်ခွင့်ရရေးအတွက် ပညာရေးဌာနများ ဖွင့်လှစ်ပေးရန် အာဖဂန်နစ္စတန်ရှိ ကျောင်းသူများက တာလီဘန်ကို အကြိမ်ကြိမ် တောင်းဆိုလျက်ရှိသည်။

“မိန်းကလေးတွေအတွက် စာသင်ကျောင်းတွေ၊ ဘာသာရေးဆိုင်ရာ ကျောင်းတွေနဲ့ ပညာရေးဌာနတွေအကုန်လုံး ပြန်ဖွင့်ပေးဖို့ လက်ရှိ အစိုးရကို တောင်းဆိုပါတယ်” ဟု ကျောင်းသူတစ်ဦးဖြစ်သည့် နာဂစ် နီယာဇီ ဆိုသည်။
တာလီဘန်က နောက်ဆုံးအမိန့်အနေဖြင့် အမျိုးသမီးကျောင်းသူများ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများ ဖြေဆိုခြင်းကို တားမြစ်ထားသည်။ 

အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အပါအဝင် အစ္စလာမ်နိုင်ငံများနှင့် အဖွဲ့အစည်းအများအပြားက အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အလုပ်လုပ်ကိုင်ခွင့်နှင့် ပညာသင်ယူခွင့် ပိတ်ပင်ခြင်းသည် အစ္စလာမ်ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြစ်တင်ရှုတ်ချထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly