ဟောင်ကောင်တွင် အကြီးမားဆုံး နိုင်ငံတော်လုံခြုံရေး ရုံးတင်စစ်ဆေးမှု စတင် 

By Taipei Times
13 February 2023
ဟောင်ကောင်တွင် အကြီးမားဆုံး နိုင်ငံတော်လုံခြုံရေး ရုံးတင်စစ်ဆေးမှု စတင် 

အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းသည်ဟု စွပ်စွဲခံထားရသည့် ဒါဇင်နှင့်ချီသော ဒီမိုကရေစီထောက်ခံသူ အထင်ကရပုဂ္ဂိုလ်များစွာကို ရုံးထုတ်သည့် ဟောင်ကောင်၏ အကြီးဆုံးသော နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ရုံးချိန်းကို ဖေဖော်ဝါရီ ၆ ရက်က စတင်ခဲ့ပြီး ယင်းသည် တရုတ်ပိုင်နက်အတွင်း သဘောထားကွဲလွဲမှုများအား ရာဇဝတ်ပြစ်မှုအဖြစ်သတ်မှတ်ခြင်းဖြစ်ကြောင်း ဝေဖန်သူများက ပြောသည်။  

ဟောင်ကောင်မှ လူသိများထင်ရှားသောတက်ကြွလှုပ်ရှားသူအချို့ပါဝင်သည့် စွပ်စွဲခံထားရသူ ၄၇ ဦးသည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တစ်သက်အထိ ကျခံရမည်ဖြစ်သည်။
စွပ်စွဲခံရသူ ၁၆ ဦးက တရားဝင်မဟုတ်သော ပဏာမရွေးကောက်ပွဲနှင့်ပတ်သက်ပြီး နိုင်ငံတော်အာဏာကို ထိပါးနှောင့်ယှက်ရန်ကြံစည်မှု စွဲချက်များအတွက် အပြစ်မရှိကြောင်း ဝန်ခံထားသည်။ ကျန် ၃၁ ဦးမှာ အပြစ်ရှိကြောင်း ဝန်ခံထားပြီး ရုံးတင်စစ်ဆေးမှုများအပြီးတွင် စီရင်ချက် ချခံရမည်ဖြစ်သည်။

စွပ်စွဲခံရသူများက ပုံမှန်နိုင်ငံရေးအယူအဆအတွက် နှိပ်ကွပ်ခံနေရသည်ဟု ယူဆထားကြပြီး လူ့အခွင့်အရေးအဖွဲ့များက ယင်းဖြစ်ရပ်အား အတိုက်အခံအကြွင်းအကျန်များကို ချေမှုန်းရန်  တရားစီရင်ရေးစနစ်အား အသုံးချမှုအဖြစ် ထောက်ပြကြသည်။
အဖွဲ့အများစုသည် အကျဉ်းထောင်များ၏ သံတိုင်များနောက်တွင် ၂ နှစ်နီးပါးကြာနေပြီဖြစ်သည်။ ယခုအခါ ၎င်းတို့သည် ၄ လကျော်ကြာမြင့်မည့် တရားစွဲမှုများနှင့် ရင်ဆိုင်နေရပြီး အစိုးရကခန့်အပ်ထားသည့် တရားသူကြီးများက ကြီးကြပ်ကွပ်ကဲသည်။

အဆိုပါအမှုသည် ၂၀၁၉ ခုနှစ်က ဒီမိုကရေစီဆန္ဒပြပွဲကြီးများအပြီး တရုတ်နိုင်ငံက  ဟောင်ကောင်အပေါ်ချမှတ်ခဲ့သည့် နိုင်ငံတော်လုံခြုံရေးဥပဒေအရ စွဲဆိုသည့်အမှုများအနက် အကြီးဆုံး ရုံးတင်စစ်ဆေးမှုဖြစ်သည်။ 
လူပေါင်း ၁၀၀ ကျော်သည် ဖေဖော်ဝါရီ ၆ ရက်က စတင်သည့် ရုံးချိန်းကို တက်ရောက်ရန် တရားရုံးအပြင်ဘက်တွင် တန်းစီစောင့်ဆိုင်းနေခဲ့ပြီး တချို့က ညလုံးပေါက် စောင့်ခဲ့ကြသည်။ 

ဝါရင့်တက်ကြွလှုပ်ရှားသူလည်းဖြစ် တရားခံ ဆံရှည်ခေါ် လောင်ကွတ်ဟန်၏ ဇနီးဖြစ်သူ ချန်ဖိုးယင်သည်  “ဖြိုခွင်းခြင်းဟာ အရှက်မဲ့သောလုပ်ရပ်၊ နိုင်ငံရေး အကျဉ်းသားအားလုံးကို ချက်ခြင်း လွှတ်ပေး” ဟူသော စာတန်းများကို ကိုင်ဆောင်ကာ ထောက်ခံသူများနှင့် ပူးပေါင်းခဲ့သည်။
“ဒါက နိုင်ငံရေးအရ နှိပ်စက်ညှဉ်းပန်းမှုပဲ” ဟု တရားရုံးအပြင်ဘက်တွင် သူမက ပြောကြားခဲ့သည်။
လောင်သည် တရားရုံးတွင် အပြစ်မရှိကြောင်း ထပ်ခါတလဲလဲ ပြောကြားခဲ့ပြီး အာဏာရှင်ကို တွန်းလှန်ခြင်းသည် ရာဇဝတ်မှုမဟုတ်ဟု ထွက်ဆိုခဲ့သည်။

ရုံးတင်စစ်ဆေးမှုတွင် ကျောင်းသားခေါင်းဆောင်ဟောင်း ဂျော့ရှ်ရွှာဝေါင် နှင့် ခရိုင်ကောင်စီဝင်ဟောင်း လက်စတာရှမ်၊  ပါမောက္ခ ဘန်နီတိုင်နှင့် လွှတ်တော်အမတ်ဟောင်းများဖြစ်ကြသည့် ကလော်ဒီရာမိုနှင့် အူ‌နော့ခ်ဟင်တို့ အပါအဝင် ဟောင်ကောင်တစ်လွှားမှ အတိုက်အခံများ ပါဝင်သည်။

ရုံးတင်စစ်ဆေးခံရသူ ၄၇ ဦးအနက် ၃၄ ဦးမှာ အာမခံမရရှိဘဲ အချုပ်အနှောင်မှ လွတ်မြောက်လာသူ အနည်းငယ်မှာ ထုတ်ဖော်ပြောဆိုမှုကန့်သတ်ခံရခြင်း အပါအဝင် တင်းကျပ်သော သတ်မှတ်ချက်များကို လိုက်နာရမည်ဖြစ်သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly