ကိုယ်ရေးအချက်အလက်ဆိုင်ရာ ရန်ပြုခြိမ်းခြောက်မှုများမှ ကာကွယ်ရန် TikTok ကို ဖျက်ပစ်ရမည်ဟု ဗြိတိန်လွှတ်တော်အမတ် သတိပေး

By The Independent
13 February 2023
ကိုယ်ရေးအချက်အလက်ဆိုင်ရာ ရန်ပြုခြိမ်းခြောက်မှုများမှ ကာကွယ်ရန် TikTok ကို ဖျက်ပစ်ရမည်ဟု ဗြိတိန်လွှတ်တော်အမတ် သတိပေး

ကိုယ်ရေးရေးအချက်အလက်များကို ရန်ပြုခြိမ်းခြောက်မှုများမှ ကာကွယ်နိုင်ရန် TikTok အက်ပလီကေးရှင်းကို ဖုန်းမှ ဖယ်ရှားသင့်ကြောင်း ဗြိတိန်ဝါရင့်ကွန်ဆာဗေးတစ်ပါလီမန်အမတ်တစ်ဦးက ပြောကြားသည်။

ဗီဒီယိုမျှဝေသည့် ပလက်ဖောင်း TikTok သည်  နည်းပညာအာဏာရှင်နိုင်ငံတော်တည်ဆောက်ရန် လုပ်ဆောင်နေသော တရုတ်၏ ကြိုးပမ်းအားထုတ်မှုနှင့် ဆက်နွှယ်နေသောကြောင့်  အသုံးပြုသူများသည် အက်ပ်ကို ခြွင်းချက်မရှိ ဖယ်ရှားသင့်ကြောင်း နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ အလီရှားကန်းစ်က ပြောသည်။
TikTok ၏ မိခင်ကုမ္ပဏီ ByteDance သည် တရုတ်နိုင်ငံတွင် အခြေစိုက်သောကြောင့် တရုတ်နှင့် TikTok ချိတ်ဆက်မှုအပေါ် စိုးရိမ်မှုများ ရှိနေသည်မှာ ကြာပြီဖြစ်ပြီး တရုတ်နိုင်ငံသို့ အချက်အလက်များ လွှဲပြောင်းမည်ကို ဝေဖန်သူများက စိုးရိမ်နေကြသည်။

TikTok အမှုဆောင် လဇ်ကန်တာက ဗြိတိန်မှ အသုံးပြုသူများ၏ အချက်အလက်များကို တရုတ်အစိုးရက တောင်းဆိုထားခြင်းမရှိကြောင်းနှင့် တောင်းဆိုလာလျှင်လည်း ပေးမည်မဟုတ်ကြောင်း ယမန်နှစ် ဒီဇင်ဘာလက အခိုင်အမာပြောကြားခဲ့သည်။

အမေရိကန်က သံသယဖြစ်ဖွယ် တရုတ်သူလျှိုမိုးပျံပူဖောင်းကို ပစ်ချပြီးနောက် ကန်းစ်က Sky's Sophy Ridge On Sunday အစီအစဉ်တွင် “ကျွန်မတို့က ရိုးအလွန်းတယ်။ တရုတ်နိုင်ငံက  TikTok ဝန်ထမ်းတွေဟာ ဗြိတိန်နိုင်ငံသားတွေရဲ့ အချက်အလက်ကို ယူစရာအကြောင်းမရှိဘူးလို့ ကော်မတီမှာ TikTok က သက်သေထွက်ဆိုထားပါတယ်။

"ဒါပေမယ့် တရုတ်နိုင်ငံက TikTok ဝန်ထမ်းတွေဟာ ဥရောပဒေတာတွေကို ချိုးဖောက်ခဲ့တာကြောင့် သတင်းထောက်တစ်ယောက်ရဲ့ အရင်းအမြစ်ကို ခြေရာခံနိုင်တယ်ဆိုတာ ကျွန်မတို့ အခုသိလာပါပြီ။ 

"ဘာလို့လဲဆိုတော့ TikTok က ရှင်တို့ရဲ့မိတ်ဆွေတွေ၊ ရှင်တို့ စိတ်ဝင်စားတဲ့အရာတွေ၊ လူသိမခံချင်တဲ့ကိစ္စတွေ၊ ရှင်တို့နဲ့ စကားပြောတဲ့သူတွေနဲ့ သွားခဲ့တဲ့နေရာတွေကို ဖော်ထုတ်နိုင်ပါတယ်။

"ကျွန်မတို့ရဲ့ အချက်အလက်တွေက ကျွန်မတို့အတွက် အဓိက အားနည်းချက် ဖြစ်နေပြီး တရုတ်နိုင်ငံက ကျွန်မတို့ရဲ့ အချက်အလက်တွေအကူအညီနဲ့ နည်းပညာအာဏာရှင်နိုင်ငံကို တည်ဆောက်နေတာပါ။
“ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပိုပြီး အလေးအနက်ထားရမယ်” ဟု ကန်းစ်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags