ရာထူးတိုးအောင် ဘယ်လိုလုပ်မလဲ

ရာထူးတိုးအောင် ဘယ်လိုလုပ်မလဲ

အလုပ်ကောင်းတစ်ခုတွင် လစာကောင်းကောင်းနှင့် ချီမြှင့် မြောက်စားမှုကိုခံလိုပါကရာထူးတိုးအောင် လုပ်စားခြင်းကအကောင်းဆုံးဖြစ်သည်။ ရာထူးတိုးအောင် လုပ်ဆောင်လိုပါက ကိုယ်ကျရာတာဝန်ကို မခိုမကပ်ပဲရည်မှန်းချက်မြင့်မြင့် ထားကာလုပ်ဆောင်ဖို့ လိုအပ်သည်။

ထိုသို့ လုပ်ဆောင်ခြင်းသည် လူတိုင်းအတွက် အပြောလွယ်သလောက် အလုပ်ခက်သည်။ မည်သို့ လုပ်ဆောင်မည်နည်း။အဆင်ပြေလွယ်ကူနိုင်သည့် အကာင်းဆုံးနည်းလမ်းများကို စုစည်းတင်ပြပါမည်။

ပထမဆုံးမိမိလုပ်သည့် အလုပ်တွင် တာဝန်ပြီးမြောက်အောင် ထမ်းဆောင်ခြင်းဖြင့် မိမိကိုတာဝန်ယူအုပ်ချုပ်သူ များသိအောင်လုပ်ဆောင်ရပါမည်။ ဒီနည်းလမ်းကရာထူးတိုးလိုသူဝန်ထမ်းများအတွက် ရိုးရှင်းလွယ်ကူသည့် နည်းလမ်းတစ်ခုဖြစ်သည်။

ကုမ္ပဏီ (သို့မဟုတ်) လုပ်ငန်းတစ်ခု ကြီးထွားလာချိန်တွင် တာဝန် ကျေသည့် ဝန်ထမ်းများသည် ရာထူးတိုးမြှင့်ခြင်းခံရတတ်သည်။

မိမိတာဝန်ကိုအကောင်းဆုံးထမ်းဆောင်သည့် အလေ့အကျင့်အပြင် အခြားအပြုအမူများကလည်း ရာထူးတိုးမြှင့်ခြင်းခံရစေရန် အထောက်အပံ့များပေးတတ်သည်။ အထူးသဖြင့် အလုပ်ချိန်မှန် ခြင်း၊ ခွင့်ရက်မရှိခြင်းစသည့် အခွင့်အရေးမယူတတ်သည့် စည်းကမ်းလိုက်နာမှုများကလည်းရာထူးတိုးလိုသည့် ဝန်ထမ်းများအတွက် အကောင်းဆုံးအထောက်အပံ့များဖြစ်သည်။

ထို့အပြင် ဆက်ဆံရေးကောင်းမွန်ခြင်းသည် စိတ်ဓါတ်ကောင်းမွန်ခြင်း၏ တစ်စိတ်တစ်ဒေသ ဖြစ်သည့်အတွက် မိမိ၏အထက်လူကြီးများ၊ လုပ်ဖော်ကိုင်ဘက်များ၏ အသိအမှတ်ပြုခြင်းကိုခံရနိုင်သည်။

အသိအမှတ်ပြုခံရခြင်းသည် ရာထူးတိုးရန် ထောက်ခံမှုကိုရရှိခြင်းနှင့် အတူတူပင်ဖြစ်သည်။ ထို့ကြောင့် မိမိတတ်နိုင်သည်ထက် ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးကို လုပ်ငန်းခွင်အတွင်း တည်ဆောက်ဖို့ လိုပေမည်။

ရာထူးတိုးမြှင့်ခြင်းခံရနိုင်သည့် နောက်ထပ်နည်းလမ်းတစ်ခုမှာလုပ်ငန်းနှင့်ပတ်သက်သည့် ရည်မှန်းချက်များကိုမိမိ၏ အထက်လူကြီးထံပွင့်လင်းစွာအစီရင်ခံရမည်။

ထိုမှသာအထက်လူကြီးများကမိမိ၏ လုပ်ရည်ကိုင်ရည်များကိုသတိပြုမိမည်ဖြစ်သည်။ ကောင်းသောလုပ်ဆောင်ချက်များကိုသတိပြုမိပြီဆိုပါကချီးမြှင့်မြောက်စားခြင်းခံရပေမည်။ ထို့ကြောင့် ကိုယ်ရောက်ရာနေရာတွင် အကောင်းဆုံးလုပ်ဆောင်နေခြင်းကမိမိမျှော်လင့်နေသည့် အခွင့်အလမ်းများကို မြန်မြန်ရောက်ရှိစေသည့် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။

သတိပြုရမည့်အချက်မှာကိုယ့်အနာဂတ်ကိုအဆုံးအဖြတ်ပေးနိုင်သူကိုသာပွင့်လင်းစွာအစီရင်ခံရန်နှင့် အစီရင်ခံပြီးပါကလွဲချော်မှု မရှိစေရန် ဂရုတစိုက်လုပ်ဆောင်ရန် ဖြစ်သည်။

ရာထူးတိုးမြှင်းခြင်းခံရနိုင်ရန် အခြားသောနည်းလမ်းတစ်ခုလည်းရှိသေးသည်။ ထိုနည်းလမ်းမှာလုပ်ငန်း အတွင်းဌာနပြောင်းရွှေ့ရာထူးတိုးမြှင့်ခြင်းဖြစ်သည်။ ဒီလိုအခွင့်အရေးမျိုးကိုရရှိနိုင်ရန် မိမိကိုယ်တိုင်က လုပ်ငန်းဆိုင်ရာ ဗဟုသုတများကိုအစဉ်တစိုက် လေ့လာနေဖို့လိုမည်။

 ထိုသို့လေ့လာနေသည့်အပြင် အထက်ဖော်ပြပါ အချက်များဖြစ်သည့် ဆက်ဆံရေးကောင်းမွန်ခြင်း၊ မိမိတာဝန်ကျေပွန်စွာထမ်းဆောင်ခြင်း၊ ကိုယ်ကျိုးမကြည့်ပဲစည်းကမ်းလိုက်နာခြင်းတို့ကြောင့် မိမိဂုဏ်သတင်းမွှေးပျံ့ကာအခြားသောဌာနမှ လူကြီးများ၏ သဘောကျ နှစ်ခြိုက်မှုကိုလည်းခံရနိုင်သည်။ ဒီလိုအခွင့်အရေးသည်လည်းရာထူးတိုးမြှင့်ခံရနိုင်မှုအတွက် အရေးပါသောနည်းလမ်းဖြစ်လာပေမည်။

www.jobless.com.mm ၏ စိစစ်လေ့လာချက်အရ ယနေ့ခေတ် အရေးပါလာသည့် နောက်ဆုံးနည်းလမ်းတစ်ခုမှာလူမှုအကျိုးပြုလုပ်ငန်းများဆောင်ရွက်သည့် (Cooperate Social Responsibility-CSR) ဖြစ်သည်။

ကုမ္ပဏီ (သို့မဟုတ်) မိမိတာဝန်ထမ်းဆောင်ရာလုပ်ငန်း၊ အဖွဲ့အစည်းမှ ပြုလုပ်သည့် လူမှုအကျိုးပြုလုပ်ငန်းများ၊ ပွဲလမ်းသဘင် အခမ်းအနားများတွင် တက်ကြွစွာပါဝင်ခြင်း ကလည်း အထက်လူကြီးများ၏ သတိထားမှုကိုခံရနိုင်သည်။

ထိုသို့ပါဝင်လှုပ်ရှားခြင်းမှ လုပ်ငန်းအတွင်းအခြားသောဌာနများမှ လူများနှင့် ရင်းနှီးမှုကိုရရှိနိုင်ခြင်း၊ မိမိ၏ ပင်ကိုယ်အရည်အသွေးများ ဖြစ်သည့် ဖော်ရွေမှု၊ ခေါင်းဆောင်နိုင်မှု၊ စွန့်လွှတ်အနစ်နာခံမှု၊ အသင်း အဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်နိုင်မှု စသည်များကို ထုတ်ဖော်ပြသခွင့်ရခြင်း စသည်များကမိမိလိုချင် သည့် ရာထူးတိုးမြှင့်ခြင်းခံရမှုအတွက် အရေးပါသည့် အချက်များ ဖြစ်လာပေမည်။

ယခုဖော်ပြခဲ့သောနည်းလမ်းများသည် ရာထူးတိုးမြှင့်ခြင်းခံရမှုအတွက် အသက်သာဆုံးနှင့် အလွယ်ကူဆုံးနည်းလမ်းများ ဖြစ်သည်။ ထိုနည်းလမ်းများကိုမိမိအတွက် ကုမ္ပဏီအတွင်း ထင်ရှားကျော်ကြားမှုများဖြစ်သို့ ပြောင်းလဲပေးမည်ဖြစ်သည်။

သတိပြုလိုသည့် အချက်မှာမိမိရလိုသည့် ရာထူးတစ်ခုအတွက် နည်းလမ်းများ အားလုံးကိုစုပြုံအသုံးချစရာ မလိုသည့်အချက်ဖြစ်သည်။ သင့်တော်ရာနည်းလမ်းကို အလျဉ်းသင့်သည့်အချိန်တွင် အသုံးချနိုင်ဖို့သာလိုအပ်မည်ဖြစ်ပေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly