တရုတ်အဝေးပြေးလမ်းမပေါ်တွင် အစုအပြုံလိုက်ယာဉ်တိုက်မှုကြောင့် လူ ၁၆ ဦး သေဆုံး

တရုတ်အဝေးပြေးလမ်းမပေါ်တွင် အစုအပြုံလိုက်ယာဉ်တိုက်မှုကြောင့် လူ ၁၆ ဦး သေဆုံး

တရုတ်နိုင်ငံ အလယ်ပိုင်းဟူနန်ပြည်နယ်ရှိ အဝေးပြေးလမ်းပေါ်တွင် ထရပ်ကားများနှင့် အိမ်စီးကားများ အစုလိုက်အပြုံလိုက် တိုက်မိမှုကြောင့် လူ ၁၆ ဦး သေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီ ၅ ရက်တွင် ပြောကြားသည်။

ဟူနန်ပြည်နယ် အဝေးပြေးလမ်းမကြီးတစ်လျှောက်တွင် ဖေဖေါ်ဝါရီလ ၄ ရက် ညနေပိုင်းက ယာဉ်အစီးရေ ၅၀ နီးပါးသည် ၁၀ မိနစ်ခန့်အတွင်း အဆင့်ဆင့်တိုက်မိမှုဖြစ်ပွားခဲ့ကာ ယာဉ်အချို့ မီးလောင်ခဲ့ကြောင်း ဒေသဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပို့ဆောင်ရေးကုမ္ပဏီအမှတ်တံဆိပ်များပါရှိသည့် မီးလောင်နေသော ကုန်တင်ကားများနှင့် ကြေမွပြီး တိမ်းမှောက်နေသည့် ကားများကို မြင်တွေ့ရပြီး  အခင်းဖြစ်ပွားရာနေရာတွင် ကားများမီးလောင်ကာ မီးခိုးများ ထွက်နေသည့်   ဗီဒီယိုဖိုင်ကို နိုင်ငံပိုင် People's Daily မီဒီယာက အွန်လိုင်းတွင် ပြန်လည်လွှင့်တင်ထားသည်။

ယာဉ်တိုက်မှုတစ်ခုတည်းမှ သေဆုံးသူ ၇ ဦးအပါအဝင် အစုလိုက်အပြုံလိုက်တိုက်မိမှုကြောင့် စုစုပေါင်း ၁၆ ဦးသေဆုံးကာ ၆၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့က ပြောသည်။

ပြင်းထန် ဒဏ်ရာရရှိသူ ၈ ဦးအပါအဝင် ဒဏ်ရာရသူများကို ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ခဲ့ပြီး ယခုအခါ အခြေအနေ ကောင်းမွန်လာကြောင်း ယာဉ်ထိန်းရဲက ပြောသည်။

ယာဉ်တိုက်မှုသည် မြို့တော် ချန်ရှားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ကယ်ဆယ်ရေးလုပ်သား ၁၈၀ ကျော်ကို ဇန်နဝါရီ ၄ ရက်က အခင်းဖြစ်ပွားရာသို့ စေလွှတ်ခဲ့သည်ဟုဆိုသည်။

မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း တရုတ်နိုင်ငံ၏ အရေးပေါ် စီမံခန့်ခွဲမှုဝန်ကြီးဌာနက ဇန်နဝါရီ ၅ ရက်က ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly