မင်းတပ်တိုက်ပွဲ စစ်ကောင်စီဘက်က ၂ဦးသေ၊ ၂ဦးဒဏ်ရာရ စစ်ကောင်စီရမ်းသမ်းပစ်ခတ်၍ ကလေးငယ်တစ်ဦးသေဆုံးဟု CDF – Mindat ထုတ်ပြန်

By ပါခွီး
10 February 2023
မင်းတပ်တိုက်ပွဲ စစ်ကောင်စီဘက်က ၂ဦးသေ၊ ၂ဦးဒဏ်ရာရ စစ်ကောင်စီရမ်းသမ်းပစ်ခတ်၍ ကလေးငယ်တစ်ဦးသေဆုံးဟု CDF – Mindat ထုတ်ပြန်

မဇ္စျိမ ။။ ချင်းပြည်နယ်၊မင်းတပ်မြို့တွင် ဖေဖော်ဝါရီ ၈ရက်က ဖြစ်ပွားသော  တိုက်ပွဲ၌ ရဲတပ်သားနှစ်ဦး သေဆုံးပြီး စစ်ကောင်စီတပ်သားနှစ်ဦး ဒဏ်ရာရသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF – Mindat က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်နှင့် CDF – Mindat သည်
မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက် မြို့အဝင်ဂိတ်အနီးတွင် တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ (ဖေ‌ဖော်ဝါရီ ၁၀ရက်)သတင်းထုတ်ပြန်ထားသည်။

ထို တိုက်ပွဲတွင် ရဲတပ်သားနှစ်ဦး သေဆုံးပြီး စစ်ကောင်စီတပ်သားနှစ်ဦး ဒဏ်ရာရသွားကြောင်း၊စစ်ကောင်စီတပ်သားများ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် တိုက်ပွဲနှင့် မသက်ဆိုင်သော အသက် ၁၀နှစ်အရွယ်ကလေးတစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး အသက်ဆုံးရှုံးခဲ့ရကြောင်း CDF – Mindatက ဆိုသည်။ ထို့အပြင် သေဆုံးသွားသော ကလေးငယ်အတွက် ကျန်ရစ်သော မိသားစုဝင်များနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရသည်ဟု ထုတ်ပြန်ထားသည်။

တိုက်ပွဲအပြီး အထိနာခဲ့သော စစ်ကောင်စီတပ်သားများသည် မင်းတပ်မြို့ အရှေ့ပြင် ရပ်ကွက်အတွင်းရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့ခဲ့ကြောင်း သိရှိရပြီး ဆက်သွယ်ရေး အခက်အခဲများကြောင့် နေအိမ်အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း CDF – Mindat ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မင်းတပ်မြို့နယ်၌ ဇန်နဝါရီလအတွင်း ထိတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်မှု (၁၁) ကြိမ်ပြုလုပ်ခဲ့ပြီး ပြည်သူအချို့ဒဏ်ရာရရှိကာ ဘာသာရေးအဆောက်ဦး နှစ်လုံး ၊ ပြည်သူပိုင်အဆောက်အဦး ၁၉လုံး ၊ ဆေးရုံ/ ဆေးခန်း တစ်လုံး ၊ ဆိုင်ကယ် ရှစ်စီး ၊ ကားနှစ်စီးနှင့် ဆောက်လုပ်ရေးသုံးစက် ပစ္စည်း တစ်ခု ပျက်စီး ဆုံးရှုံးခဲ့ရကြောင်းသိရသည်။

စာတည်း-မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly