ကာကွယ်ဆေးများရဲ့ ကောလာဟလ

ကာကွယ်ဆေးများရဲ့ ကောလာဟလ
Photo - http://drayeminhtoo.blogspot.com/

စိတ်ဆင်းရဲစရာတွေက အတော်များပါတယ်။ အယ်လ်နီညိုဒဏ် ခံစားနေရတာ၊ သောက်သုံး ရေကန်တွေ အမြန်ခမ်းခြောက်သွားတာ၊ ကျောင်းသားနဲ့ တက်ကြွလှုပ်ရှားသူတွေ ပြန်မလွတ်သေးတာ၊ ၅၉(စ)အပါအဝင် ၂၀၀၈ ဖွဲ့စည်းပုံကို မထိနိုင် မတို့နိုင်တာတွေပေါ့လေ။  ကျန်တာတွေလည်း အများ ကြီးပဲပေါ့။ အဲဒါတွေကို ဖြတ်တက်ပြီး အရေးပေါ် စိတ်ဆင်းရဲစရာတစ်ခု ထပ်ဝင်လာပါတယ်။ ပဲခူးဆေး ရုံမှာ အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးကို အပြင်ကနေ ဝယ်ထိုးပေးလိုက်တာ မွေးကင်းစ ကလေးငယ် သုံးယောက် အသက်ဆုံးရှုံးသွားပြီး ကျန်တဲ့ ကလေးတွေကိုလည်း အထူးဂရုစိုက် ကုသ နေရတယ်ဆိုတဲ့ သတင်းတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ ဘာတွေ ဘယ်လို မှားယွင်းကြတယ်တော့ မသိဘူး၊ လူမှန်းကို မသိသေးတဲ့ ကလေးလေးတွေခမျာမတော့ အသက်ဆုံးရှုံးရရှာပြီ။

အခုနောက်ပိုင်း အသားဝါ ဘီပိုးဆိုတာ ဗမာပြည်မှာ တော်တော်တွင်ကျယ်လာတဲ့ ရောဂါပါ။  ဘီပိုးရှိနေပြီဆိုတာကို ဗမာတွေ (ကွမ်းယာစားပြီး ကွမ်းတံတွေးထွေးသလို ပုံစံမျိုးလောက်နဲ့ပဲ) ပေါ့ပေါ့ ပါးပါး ပြောဝံ့ဆိုဝံ့ ဖြစ်နေကြပါပြီ။ နောက်ဆက်တွဲ အန္တာရာယ်က မပေါ့ပါဘူး။ အင်မတန် လေးပင်ပါ တယ်။ ဒါကို တန်ပြန်တဲ့အနေနဲ့ဆို အစိုးရပိုင်းက ဘီပိုးကာကွယ်ဆေးထိုးဖို့ ပညာပေး လှုံ့ဆော်မှုတွေ လုပ်တယ်၊ မွေးကင်းစကလေးတွေကိုလည်း နိုင်ငံပိုင် ဆေးရုံတွေမှာ ဘီပိုးကာကွယ်ဆေးတွေ ထိုးနှံပေးတယ်လို့ သိရပါတယ်။ အင်မတန်ကောင်းတဲ့ အစီအစဉ်တွေပါ၊ ကျန်းမာရေးကဏ္ဍအတွက် ဘတ်ဂျက် တိုးသုံးနိုင်တာကြောင့်လဲ ဖြစ်မယ်ထင်ပါတယ်။

အခု ဒီကလေးတွေကိစ္စ မတိုင်ခင်မှာ ဘီပိုးကာကွယ်ဆေးနဲ့ ပတ်သက်လို့ မောင်မှန် ကြားသိ ထားရတာလေးတွေ တင်ပြချင်ပါတယ်။ တစ်ချို့သော ကာကွယ်ဆေးတွေဟာ ဆေးမအောင်ပါဘူး။ မောင်မှန့်တူမလေးတစ်ယောက် ငယ်ငယ်ကတည်းက ဘီပိုးကာကွယ်ဆေး ထိုးခဲ့ပါတယ်။ မောင်မှန်ပဲ လိုက်ထိုးပေးခဲ့တာပါ။ ဘီပိုးရှိ၊ မရှိ စစ်ဆေး၊ မရှိတဲ့အခါ ကာကွယ်ဆေးကို တစ်လခြား သုံးကြိမ်၊ နောက်ငါးနှစ်ခြားစီ အားဖြည့်ကာကွယ်ဆေး ထိုးရမယ် နားလည်ခဲ့ပါတယ်။ အဲဒီအတိုင်း စနစ်တကျ လိုက်နာခဲ့ပါလျှက်နဲ့ ဒုတိယအကြိမ် ငါးနှစ်မြောက် ဆေးထိုးအပြီး သိပ်မကြာခင်မှာ တူမရဲ့ လုပ်ငန်းခွင် လိုအပ်ချက်အရ ဘီပိုးကာကွယ်ဆေးထိုးဖို့ ဖြစ်လာပါတယ်။ ထိုးပြီးသူဆိုတော့ ဆေးစစ်တာ ထပ်လုပ် ပါတယ်။ မောင်မှန့်တူမရဲ့ ခန္ဓာကိုယ်ထဲမှာ အသားဝါ ဘီပိုးကာကွယ်ဆေး အာနိသင် ဘာမှမရှိတော့ ဘူးတဲ့။ မရှိတော့ဘူးလို့ ရေးရတာ တစ်ခါ ရှိခဲ့ဘူးတယ်ဆိုတဲ့သဘော သက်ရောက်ပါတယ်။ တကယ့် မှတ်ချက်က မရှိဘူး၊ ဒါပဲ။ ရှေ့က စနစ်တကျလိုက်နာပြီး ငွေကုန်ခံ အသားနာခံပြီး ထိုးခဲ့သမျှ ဆေးတွေဟာ ဘာတွေမှန်း မသိတော့ဘူး၊ ဒီတော့ သွေးထဲများ ဘီပိုးရှိမနေသေးတာကိုပဲ ကျေးဇူးတင် ရဦးမယ်။ ဆေးကိုလည်း အစကပြန်ထိုးရတော့တယ်၊ ဘယ်လိုတွေ ဖြစ်ကုန်တယ်မသိဘူး၊ နောက်ပြီး ဒါမျိုးဖြစ်တာ မောင်မှန့်တူမတင် မကဘူး၊ ဟိုကကြား၊ ဒီကကြားနဲ့ ခဏခဏ ကြားကြားနေရသေးတယ်။ ဒါတောင် အကြောင်းရှိလို့ ပြန်စစ်ဆေးကြည့်ခွင့် ကြုံလို့ သိကြရတာနော်။ ပုံမှန်ပဲ ဆက်သွားနေရင် ဘာမှ သိမှာမဟုတ်ဘူး။ ကိုယ့်ဆေးက စွမ်းနေတယ်ပဲ ထင်မှာ။

မောင်မှန်က ကိုယ့်ကိုကိုယ် ကျန်းမာရေး ဗဟုသုတ ကြွယ်ဝသူအဖြစ် ဂုဏ်ယူတတ်တယ်။ သိသမျှတွေကိုလည်း ပတ်ဝန်းကျင်ကို ဖြန့်ဝေပါတယ်။ ဆွေမျိုးသားချင်းထဲက ကလေးတွေ၊ လူကြီး တွေကိုလည်း ဘီပိုးကာကွယ်ဆေး ထိုးဖို့ အမြဲ တိုက်တွန်း နှိုးဆော်ပါတယ်။ ထိုးနှံရမယ့် နေရာတွေ ကိုလည်း ကိုယ်တိုင်လိုက်ပါ ပို့ဆောင်ပေးပါတယ်။ အဲသလိုလုပ်ခဲ့သမျှတွေဟာ သဲထဲရေသွန် အဟာသိကံများ ဖြစ်နေပြီလားလို့ တွေးမိတယ်။ အခုနောက်ပိုင်း ဘီပိုးကာကွယ်ဆေးထိုးတဲ့ ဌာနတွေမှာ တစ်လခြား ၃ ကြိမ်ထိုးပြီးရင် ဆေးအောင်/မအောင် ပြန်လည်စစ်ဆေးကြဖို့ တိုက်တွန်း ထားတာ တွေ့ရပါတယ်။ အထက်က မောင်မှန်တင်ပြခဲ့တဲ့ ဆေးအာနိသင် ပြယ်သွားတဲ့ ပြဿနာတွေ များလားလို့လားတော့ မသိဘူး။

ကာကွယ်ဆေးထိုးပြီး အာနိသင်မရှိတာက ကာကွယ်ဆေးထိုးပြီး သေရတာထက်တော့ တော်ပါသေးတယ်။ ပြီးတော့ ကာကွယ်ဆေး အထိုးခံရတဲ့ ကလေးတွေခမျာ သူတို့ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ ကိစ္စလည်း မဟုတ်ရှာဘူး။ လူကြီးတွေပြုသမျှ နုုကြရရှာတာ၊ ပေါ့စေလိုလို့ ကြောင်ရုပ် ထိုးခါမှ ဆေးကြောင့်လေးကြရရှာတာ၊ ဒီနေရာမှာ ကာကွယ်ဆေးထိုးတဲ့ ပြဿနာက အကြီးကြီး ရှိလာပြန်တယ်။ ပဲခူးဆေးရုံကိစ္စဟာ ရပ်ကွက်ကျေးရွာတွေမှာကျ ရပ်စကား၊ ရွာစကားအနေနဲ့ဆို ခုလိုဖြစ်သွားမှာ ခင်ဗျ၊ "ပဲခူးဆေးရုံမှာ အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေး ထိုးလိုက်လို့ ကလေးတွေ သေကုန်ပြီ၊ နင်တို့ကလေးတွေမွေးလို့ ဆေးရုံက ဘီပိုးကာကွယ်ဆေး ထိုးပေးမယ်ဆိုရင် မထိုးကြနဲ့၊ သေလိမ့်မယ်" ဆိုပြီး အရပ်စကား ဖြစ်သွားမှာ။  မောင်မှန်တို့လူမျိုးက သိတဲ့အတိုင်းပဲလေ၊ တစ်ခုခုစွဲမိသွားရင် သေအထိပဲ၊ မပျောက်တော့ဘူး။  ဟိုအရင်တုန်းကလည်း ဒါမျိုးတွေ ဖြစ်ခဲ့ဖူးပါ တယ်။ ဆုံဆို့ကြက်ညှာ ကာကွယ်ဆေး ထိုးလိုက်လို့ ကလေးဘယ်လို ဖြစ်သွားတယ်၊ ပိုလီယိုကာ ကွယ်ဆေး ထိုးလိုက်တဲ့ကလေး ပိုလီယိုဖြစ်သွားတယ်။ ဘာကာကွယ်ဆေး ထိုးလိုက်လို့ ကလေး ဘာဖြစ်သွားတယ် အစရှိသဖြင့် ကြားခဲ့၊ တွေ့ခဲ့ကြရဖူးပါတယ်။ (သေတဲ့အထိတော့ မကြားဖူးခဲ့ပါ)

ကာကွယ်ဆေးထိုးလိုက်လို့ ဒါမျိုးတွေ ဖြစ်တယ်ဆိုတဲ့ သတင်းဟာ တဖြေးဖြေး တစ်စတစ်စ ကျယ်ပြန့်သထက် ကျယ်ပြန့်သွားပြီး နောက်ဆုံးမှာ ဖားပြုပ်ကိုက်ကနေ တရုပ်ရိုက်တဲ့အဆင့်ထိ ကောလာဟလရဲ့ သဘောတရားအတိုင်း ဖြစ်သွားပါတော့တယ်။ ဒီမှာတင် ကျန်းမာရေး ဗဟုသု တနည်းပါးတဲ့ ပြည်သူလူထုကြီးအကြားမှာ ကာကွယ်ဆေးဟူသမျှ ဆန့်ကျင်ကြဆိုတဲ့ အဆင့်အထိ ဖြစ်သွားပါတော့တယ်။ အိမ်တိုင်ရာရောက် လိုက်လံထိုးနှံ တိုက်းကျွေးပေးတဲ့ ကာကွယ်ဆေးတွေ ကိုတောင် အထိုးအကျွေးမခံနိုင်လို့ ကလေးမရှိဘူးဆိုပြီး ဝှက်ထားတဲ့ မိဘတွေတောင် ရှိလာပါတယ်။

ဒါမျိုး ဘာ့ကြောင့် ဖြစ်ရသလဲလို့ မောင်မှန် ဉာဏ်မီသလောက် စဉ်းစားကြည့်တဲ့အခါ တိကျ ခိုင်မာတဲ့ ရှင်းလင်းချက်တွေ ကျန်းမာရေး တာဝန်ရှိသူတွေဘက်က ထွက်မလာလို့ပါခင်ဗျာ။ ပိုလီ ယိုကာကွယ်ဆေး ထိုးလိုက်လို့ ပိုလီယို ချက်ခြင်းဖြစ်သွားတဲ့ ကလေးရှိရင် ဆေးထိုးတဲ့ ကလေးတိုင်း ဖြစ်တာမဟုတ်ဘူးဆိုတာက စရှင်းရမယ် ထင်ပါတယ်။ ပြီးမှ ကာကွယ်ဆေးရဲ့ အာနိသင် ပျက်ပြယ်နေ သလား၊ ဒါမှမဟုတ် အာနိသင် ပြောင်းသွားသလား စစ်ဆေး အဖြေထုတ်သင့်တယ်။ နောက် ဆေးထိုးဆေးကျွေးခြင်း ခံရတဲ့ ကလေးငယ်ရဲ့ ကျန်းမာရေး ကိုယ်ခံအားကို စစ်ဆေး ထုတ်ပြန်ပေး ရမယ်။ ဆေးထိုးဆေးကျွေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အမှားအယွင်း(ဆေးပိုသွားတာ၊ လိုသွား တာ) စသဖြင့် ရှိရင်လည်း စိစစ်ပေးရမှာပါပဲ၊ တစ်ခုတော့ ရှိတယ် အဲဒါတွေအားလုံးကို ရိုးရိုးသားသား မှန်မှန်ကန်ကန် လုပ်ပေးဖို့တော့ လိုပါတယ်။ ကိုယ့်အပြစ်ဖြစ်မှာစိုးတာနဲ့ ရိုးရိုးမှန်မှန် မထုတ်ပြန်ကြရင် ပြဿနာရဲ့ ဇစ်မြစ်ကို ဆုပ်ကိုင်နိုင်မှာ မဟုတ်ပါ။ အရင်တုန်းကတော့ မှန်မှန်မှားမှား အဲဒါတွေနဲ့ ပတ်သက်ပြီး ကျန်းမာရေး တာဝန်ရှိသူတွေဘက်က ဖြေရှင်းချက်ပေးတာ မတွေ့ရသလောက်ပါခင်ဗျာ။ ဒီတော့လည်း လူထုထဲမှာ ကောလာဟလဟာ အမြစ်တွယ်ပြီး အပင်ပေါက်တော့တာပေါ့။

ခု ဘီပိုးကာကွယ်ဆေးကိစ္စကတော့ သေသေချာချာ စိစစ်နေပြီလို့ သိရပါတယ်။ ဘာကြောင့် ဖြစ်ရတယ်ဆိုတာကိုလည်း အခိုင်အမာ ထုတ်ပြန်သွားမယ့်သဘောပါပဲ၊ ဘီပိုးကာကွယ်ဆေးထိုးတဲ့ ကလေးတိုင်း တိမ်းပါးကြတာမှ မဟုတ်ဘဲ။ တာဝန်ရှိသူက တာဝန်ခံဖို့သာ လိုပါတယ်။ အာနိသင်မရှိတဲ့ ဆေးတွေမဖြစ်ဖို့ပဲ လိုပါတယ်။ ဒါမှလည်း ကာကွယ်ဆေးတွေအပေါ် ပြည်သူတွေက ယုံကြည်ကိုးစား ကြမှာပေါ့၊ တိုင်းပြည်ရဲ့ အနာဂါတ် ကျန်းမာရေးကောင်းမှာပေါ့။ ဒီတပတ်တော့ အတည်ပေါက်တွေ များသွားပါတယ်။ တိမ်းပါးသွားတဲ့ ကလေးမိဘတွေကို ကိုယ်ချင်းစာနာမိလို့ပါ။ ဒေါက်တာ မောင်မှန် ပေါ့ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly