လျှပ်စစ်သုံးပို့ဆောင်ရေးစနစ် မဖြစ်မနေလုပ်မည်ဟု စစ်ကောင်စီခေါင်းဆောင် ပြောပြန်

လျှပ်စစ်သုံးပို့ဆောင်ရေးစနစ် မဖြစ်မနေလုပ်မည်ဟု စစ်ကောင်စီခေါင်းဆောင် ပြောပြန်

မဇ္စျိမ။ ။ ပို့ဆောင်ရေးတွင် လျှပ်စစ်သုံးစွဲသည့် ပို့ဆောင်ရေးစနစ်ဖြစ်အောင် မဖြစ်မနေလုပ်သွားမည်ဖြစ်ပြီး လျှပ်စစ်မော်တော်ယာဉ်ကိစ္စကိုလည်း အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သည့်အစည်းအဝေးတွင် ပြောဆိုလာပြန်သည်။

အာဏာသိမ်းပြီးနောက် ရန်ကုန်နှင့် မန္တလေးစသည့် မြို့ကြီးများအပါအဝင် နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားကို အချိန်အကန့်အသတ်ဖြင့်သာ ပေးနိုင်သော်လည်း စစ်ကောင်စီခေါင်းဆောင်က လျှပ်စစ်ကား၊ လျှပ်စစ်ရထားများ ပြေးဆွဲမည်ဟု မကြာခဏ ပြောဆိုလေ့ရှိသည်။

လက်ရှိတွင်လည်း ရန်ကုန်- နေပြည်တော် အမြန်လမ်းနှင့် လမ်းဟောင်းတို့တွင် လျှပ်စစ်ကား အားသွင်းရုံများ ဆောက်လုပ်နေပြီး နေပြည်တော်- မန္တလေးလမ်း၊ လားရှိုးလမ်း၊ မော်လမြိုင်လမ်းနှင့် ကရင်ပြည်နယ်တို့တွင် တိုးချဲ့နိုင်ရန် စီစဉ်နေသည်ဟုလည်း ၎င်းက ထည့်သွင်းပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် နေပြည်တော်ကလွဲပြီး ရန်ကုန်အပါအဝင် မြို့ပြများ၌ အချိန်ပိုင်းဖြင့်သာ မီးရရှိနေသည့် အခြေအနေတွင် လျှပ်စစ်ကို အခြေခံပြီး ရထား၊ ကားပြေးဆွဲခြင်း၊ မြေအောက်ရထားလမ်းများ ဖောက်လုပ်မည်ဟု ဆိုနေခြင်းမှာ အရူးအိပ်မက်မက်နေခြင်းသာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဝေဖန်သည်။

ယင်းအခြေအနေများတွင် မည်သို့မျှ လျှပ်စစ်စွမ်းအင်အသုံးပြုပြီး လုပ်ဆောင်နိုင်စရာ အကြောင်းအချက်မရှိဟုလည်း ၎င်းက သုံးသပ်သည်။

“အနုမြူဓာတ်အားက​နေ လျှပ်စစ်ထုတ်ဖို့ အစီအစဥ်ဆိုတာလည်း စာချုပ်လက်မှတ်ထိုးပြီးလို့ မှင်​တောင် မ​ခြောက်​သေးဘူး။ အဲ့ဒီလို စီမံကိန်းကြီးမျိုးဆိုတာက ဆယ်စုနှစ်နဲ့ချီကြာမယ့်ဟာပါ။ ​နောက် မြန်မာပြည်ကလည်း ဝယ်နိုင်မယ့် အ​​နေအထားမရှိပါဘူး။ အ​ကြွေးနဲ့ အရစ်ကျ လုပ်သွားမှာ။ အဲ့ဒီ​တော့ သူတို့လည်း လက်ရှိအ​ခြေအ​နေအရ ၁၀ နှစ်ခံမယ်လို့ ကျွန်​တော်မထင်ပါဘူး။ အဲ့တာ​ကြောင့် သူ့စီမံကိန်းတွေက အရူးအိပ်မက်စီမံကိန်းတွေ ထင်ရာတွေ လျှောက်ပြောနေတာဖြစ်လို့ ပြည်သူတွေထဲမှာ မျှော်လင့်ချက်တွေတိုးတက်မလာပါဘူး။ ဒါတွေကို ဟာသတစ်ပုဒ်လိုပဲ ပြည်သူလူထုက မှတ်ယူပြီး ဒီအရူးအိပ်မက်တွေကို စိတ်ပျက်နေတာ ကြာပါပြီခင်ဗျ”ဟု ဆိုသည်။

စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ကမူ လက်ရှိတွင် လျှပ်စစ်ဓာတ်အား အခက်အခဲ ရှိနေဦးမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင်မူ ဓာတ်အားလိုအပ်ချက်ကို အပြည့်အဝ မဟုတ်သော်လည်း ရာခိုင်နှုန်း မြင့်မြင့်မားမား ပြည့်မီအောင် စီစဉ်ဆောင်ရွက်နေကြောင်း ပြောသည်။

ထို့ကြောင့် စပါးခွံလောင်စာဖြင့် ထုတ်လုပ်သည့်လျှပ်စစ်၊ ဆိုလာလျှပ်စစ်နှင့် လေအားလျှပ်စစ်တို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆောင်ရွက်ကြရန်လည်း ညွှန်ကြားခဲ့ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့ထုတ် စစ်ကောင်စီဝါဒဖြန့် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required