တာလီဘန်အစိုးရကို အသိအမှတ်ပြုမည်မဟုတ်ဟု ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ်ပြောကြား

By ANI 
10 February 2023
တာလီဘန်အစိုးရကို အသိအမှတ်ပြုမည်မဟုတ်ဟု ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ်ပြောကြား

အာဖဂန်နစ္စတန်နိုင်ငံသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဆက်လက်ရင်ဆိုင်နေရပြီး အဆိုးရွားဆုံး နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ရုန်းကန်နေရသည်။

အာဖဂန်နစ္စတန်ဆိုင်ရာ ဥရောပသမဂ္ဂ (အီးယူ) အထူးသံတမန် တိုမာ့စ်နစ်ကလက်ဆန်က တာလီဘန်ကျူးလွန်လျက်ရှိသည့် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုနှင့် ရက်စက်ကြမ်းကြုတ်မှုများကို ထောက်ပြလျက် အာဖဂန်နစ္စတန်အား ဖယ်ကြဉ်ထားမှုကို အားမပေးသော်လည်း တာလီဘန်အစိုးရကို အသိအမှတ်ပြုသည့်နည်းလမ်းမှာလည်း ရွေးချယ်စရာမဟုတ်ကြောင်း ပြောခဲ့သည်ဟု  Khaama Press သတင်းတွင် ဖော်ပြခဲ့သည်။

တာလီဘန်သည် တက္ကသိုလ်များတွင် ယောက်ျားလေးနှင့် မိန်းကလေး တွဲဖက်ပညာသင်ကြားခြင်းကို တားမြစ်ထားပြီး မိန်းကလေးများအတွက် နံနက်ပိုင်းအတန်းများနှင့် ယောက်ျားလေးများအတွက် နေ့လယ်ပိုင်းအတန်းများဟူ၍ ခွဲခြားထားသည်။

တာလီဘန်အဖွဲ့သည် ကျောင်းသူများ အလယ်တန်းပညာသင်ယူခွင့်ကို မကြာသေးမီက ပိတ်ပင်ခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်ကို ရုပ်သိမ်းပြီးဖြစ်သော်လည်း ကျောင်းများ ပြန်မဖွင့်ရသေးပေ။

အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခွင့်အရေးများအပြင် ဘာသာရေး လူနည်းစုများ အပါအဝင် အာဖဂန်နိုင်ငံသားများ၏ အခွင့်အရေးများကို အကာအကွယ်ပေးရေးအတွက် အားလုံးပါဝင်ခွင့်ရှိသည့် အုပ်ချုပ်မှုစနစ်ဖွဲ့စည်းရန် အရေးကြီးကြောင်းလည်း နစ်ကလက်ဆန်က အလေးပေး ပြောကြားခဲ့သည်။

အခက်အခဲများကြုံနေရချိန်တွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို အာဖဂန်နစ္စတန်အား ပံ့ပိုးရမည့်နည်းလမ်းကို ဆွေးနွေးရန် မကြာသေးမီက ပါကစ္စတန်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဥရောပသမဂ္ဂအထူးသံတမန်က ယခုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းကြောင်း Khaama Press သတင်းတွင် ဖော်ပြခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံရှိ အင်န်ဂျီအိုများတွင် အမျိုးသမီးများ အလုပ်လုပ်ကိုင်ခွင့်ကို တားမြစ်ပိတ်ပင်သည့် နောက်ဆုံး တားမြစ်ချက်သည် နိုင်ငံတွင် အဆိုးရွားဆုံး စီးပွားရေးအခြေအနေကို ရင်ဆိုင်နေရစဉ် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ကလေးများနှင့် အမျိုးသမီးများမှာ ယင်းဒဏ်ကို အများဆုံးထိခိုက်ခံစားကြရသည်။

တာလီဘန်များအနေဖြင့် မည်သည့်အခြေအနေတွင်မဆို အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခွင့်အရေးများကို ဦးစားပေးကာကွယ်ရန် ကုလသမဂ္ဂ ဥပဒေရေးရာကျွမ်းကျင်သူများက တောင်းဆိုခဲ့သည်။ ယခုကဲ့သို့ အကျပ်အတည်းကာလတွင် အာဖဂန်အမျိုးသမီးများကို ကူညီပံ့ပိုးရန် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း တိုက်တွန်းထားသည်။

အစ္စလာမ်ဥပဒေကို ချိုးဖောက်သည့် လုပ်ရပ်မှန်သမျှကို ခွင့်မပြုကြောင်းနှင့် အမျိုးသမီးများ၏ အခွင့်အရေးဆိုင်ရာ ကန့်သတ်မှုများနှင့်ပတ်သက်သည့် စိုးရိမ်မှုများကို နိုင်ငံအတွင်း အစိုးရက ချမှတ်ထားသည့် ဥပဒေစည်းမျဉ်းများအတိုင်း ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာလီဘန်များက ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly