ရေးတွင် ညမထွက်ရအမိန့်ကို ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ တိုးမြှင့်သတ်မှတ်သဖြင့် ပြည်သူများ အခက်ကြုံနေရ

By ဂျူချန်း
09 February 2023
ရေးတွင် ညမထွက်ရအမိန့်ကို ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ တိုးမြှင့်သတ်မှတ်သဖြင့် ပြည်သူများ အခက်ကြုံနေရ

မဇ္ဈိမ။ ။မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ဖေဖော်ဝါရီလ ၈ ရက်နေ့မှစတင်ကာ ညမထွက်ရအမိန့်ကို ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ဒေသခံများမှ သိရသည်။

“မာရှယ်လောက မနက်၊ ည ၆ ဖြစ်သွားပြီ။ ဖေဖော်ဝါရီလ ၇ ရက်နေ့ညက လိုက်ကြေညာနေတယ်။ ည ၆ နာရီဆို လမ်းပေါ်မှာဘယ်သူမှမရှိတော့ဘူး။ ညနေ ၅ နာရီခွဲဆို အကုန်သိမ်းပဲ။ မနေ့ညကတော့ ညနေ ၆ နာရီထိုးတာနဲ့ ချောင်းတောင်ဘက်ခြမ်းက သေနတ်ပစ်ဖောက်တယ်ကြားတယ်” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီ၏ ညမထွက်ရအမိန့်ကြောင့် ရေးမြို့နေ ပြည်သူများစားဝတ်နေရေးအတွက် အလုပ် လုပ်ကိုင် ရန် အသွားအလာအခက်ကြုံနေရကြောင်း သိရသည်။

“မနက်က ၅ နာရီ ဈေးထွက်ကြတာလေ။ ရဲတွေလာပြီး အကုန်ထ ၆ နာရီမှပြောထားတာ နားမလည်ဘူး လား အကုန်သိမ်းဆိုပြီးလာပြောတာ အရမ်းရိုင်းတယ်” ဟု ရေးမြို့နေပြည်သူတစ်ဦးက ဆိုသည်။

အခြားဒေသခံတစ်ဦးကလည်း “ဒီနေ့မနက်ကစပြီး မနက်ရော၊ ညနေပိုင်းရော လိုက်ကြေညာနေတယ်။ အခု အလုပ်မပြီးလို့ အိမ်ပြန်လို့မရတော့ဘူး။ အစ်မ အဖေတောင် အိမ်မပြန်ရဘူး။ ညပိုင်းတရားပွဲလည်း လုပ်မရတော့ဘူး။ ရွာဓလေ့ကိုက ညပိုင်းလုပ်တာများတယ်။ မင်္ဂလာဆောင်ဆို dinner လုပ်ကြတယ်။ အခုဆို အစီအစဉ်တွေ ပျက်ပြီလားမသိဘူး။ မနက်ဆို အစောကြီးဈေးရောင်း၊ ရာဘာခြစ်သွားကြတယ်၊ အခုက ဘာမှလုပ်လို့ မရဘူး။ တောမှာနေဖို့လည်း စိတ်မချရဘူး။ အခုက အကြမ်းဖက်မှုများတယ်။ ညပိုင်း ဆိုသေနတ်သံပဲ ကြားနေရတယ်” ဟု မဇ္ဈိမ ကို ပြောသည်။

ရေးမြို့နယ်တွင် ယခင်က ညမထွက်ရအချိန်ကို ည ၈ နာရီမှ နံနက် ၄ နာရီအထိသတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့မှစတင်ကာ ပုဒ်မ ၁၄၄ အရ ည ၆ နာရီမှ မနက် ၆ နာရီအထိ တိုးမြှင့်သတ်မှတ်ခဲ့ ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ အဆိုပါအမိန့်စာတွင် လုံခြုံရေးတာဝန်ရှိသူမှအပ လူငါးဦးနှင့်အထက်စုဝေးခြင်းအပါအဝင် တုတ်၊ ဓါး၊ လက်နက်များ ကိုင်ဆောင်ခြင်းမပြုရ၊ ပြုလုပ်ပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ပါဝင်သည်။

စစ်ကောင်စီသည် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်အပါအဝင် တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးလေးခုနှင့် ပြည်နယ်လေးခုမှ မြို့နယ်ပေါင်း ၃၇ မြို့နယ်အား စစ်အုပ်ချုပ်ရေးကြေညာပြီး နောက် ညမထွက်ရအမိန့်ကို ဖေဖော်ဝါရီလ ၈ ရက်နေ့မှစကာ အချိန်တိုးမြှင့်လိုက်ခြင်းဖြစ်သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly