သထုံမြို့အနီးတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ၂ ကြိမ် တိုက်စစ်ဆင်  စစ်သား ၄ ဦးသေဆုံး

By ဂျူချန်း ၊ YT
09 February 2023
သထုံမြို့အနီးတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ၂ ကြိမ် တိုက်စစ်ဆင်  စစ်သား ၄ ဦးသေဆုံး

မဇ္ဈိမ။   ။ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်နယ်အတွင်း၌ ဖေဖော်ဝါရီလ ၆ ရက်နေ့ တစ်ရက်တည်းတွင် စစ်ကောင်စီတပ်သားများအပေါ်  ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်စစ်ဆင်ခြင်း နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်သား လေးဦးသေဆုံးကာ စစ်သုံးကား တစ်စီး ဖျက်ဆီးနိုင်ခဲ့ကြောင်း Hawk Revolutionary Squad- HRS ​​​​၏ ပြောကြားချက်အရ သိရသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ် အချိန်တွင် သထုံမြို့နယ် မိုးကောင်းဘုရားနှင့် ဖော်ဖကျေးရွာအနီးတွင် ကင်းစောင့်ရန် လာသော စစ်ကောင်စီတပ်သားများအား ကြိုတင်ကင်းပုန်းဝပ်ကာ စောင့်နေသော ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ မိုင်းဆွဲတိုက်ခိုက်ကာ ၄၀ မမနှင့် လက်နက်ငယ်များ အသုံးပြု၍ တိုက်စစ်ဆင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများက လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ပြီး ဝင်းပကျေးရွာအခြေစိုက် ခမရ(၉) မှ လက်နက်ကြီးများဖြင့် ကူညီပစ်ခတ်ခဲ့သောကြောင့် တိုက်ပွဲကြာချိန် မိနစ် ၅၀ ကြာမြင့်ခဲ့ကြောင်း ည ၉နာရီ ၅ မိနစ်တွင် တိုက်ပွဲပြီးကြောင်း သိရသည်။

"ကျွန်တော်တို့ဘက်က တိကျတဲ့သတင်း ကြိုတင်ရထားလို့ လက်ဦးမှုရတာပါ။ ခမရ(၉) က စစ်သားတွေ၊ မိုးကောင်းလမ်းဆုံမှာ သူတို့ အင်အားချန်ထားပြီး ၁၀ ယောက်လောက်ပဲ ရှေ့တက်လာတာ"ဟု Hawk Revolutionary Squad - HRS မှ တာဝန်ရှိသူက ပြောသည်။

ထိုနေ့ ည ၁၀ နာရီ ၁၅ မိနစ်တွင် သထုံမြို့ဘက်မှ မော်လမြိုင်- ရန်ကုန်လမ်းမကြီးအတိုင်း မောင်းနှင်လာသော စစ်ကောင်စီကားတစ်စီးအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာအနီးတွင် ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စစ်သုံးကား တစ်စီး ပျက်စီးကာ စစ်ကောင်စီတပ်သား လေးဦး သေဆုံးခဲ့ကြောင်း သိရသည်။

"တိုက်ပွဲဖြစ်ပြီးရင် သူတို့တွေ ထွက်လာမယ်ဆိုတာ ကြိုသိလို့ တမင်စောင့်ပစ်ခဲ့တာ။" ဟု Hawk Revolutionary Squad- HRS မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

ထိုည၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများအား KNLA တပ်ရင်း (၂) တပ်ခွဲ (၃)၊ Hawk Revolutionary Squad-HRS နှင့် PDF တပ်ရင်း (၂ )တပ်ခွဲ (၃) တို့ပါဝင်သော ပူးပေါင်းတပ်ဖွဲ့များမှ လုပ်ဆောင်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့အနေဖြင့် အထိအခိုက် တစ်စုံတစ်ရာမရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ထို့အပြင် KNU တပ်မဟာ (၁) ၊ သထုံခရိုင်၊ သထုံမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် KNU မှ ချမှတ်ထားသော စည်းကမ်းချက်အတိုင်း
မနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းသာ ခရီးသွားလာပေးကြပါရန် Hawk Revolutionary Squad- HRS မှ တာဝန်ရှိသူက သတိပေးသည်။

" ကျွန်တော်တို့အနေနဲ့ နားလည်မှုနဲ့ ပြည်သူတွေကို ည ၈ နာရီအထိ သွားလာခွင့်ပေးထားတာ။ အဲ့ဒီအချိန်ကို ကျော်ပြီး သွားလာရင်တော့
ရန်သူလို့ပဲ သတ်မှတ်ရမှာပါ။ ဒါကြောင့် ည ၆ နာရီကျော်ရင် အပြင်မထွက်ကြပါနဲ့၊ အချိန်ကျော်ရင်တော့ ကျွန်တော်တို့ဘက်ကလည်း တာဝန်အရ လုပ်စရာရှိတာလုပ်ရမှာပဲမို့ ပြည်သူတွေအနေနဲ့ နားလည်ပေးစေလိုပါတယ်" ဟု ပြောဆိုသည်။

KNU တပ်မဟာ (၁) နယ်မြေအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီယာဉ်တန်းများအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခြင်းစသည့် ပြောက်ကျားနည်းစနစ်များကိုအသုံးပြုနေခြင်းကြောင့် စစ်ကောင်စီတပ်သားများ အထိနာလျက်ရှိကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly