အာဖဂန်တွင် ပညာသင်ခွင့်ပိတ်ခံထားရသည့် မိန်းကလေးများအတွက် ပါမောက္ခတစ်ဦးက စာအုပ်များ အခမဲ့လိုက်ဝေပေး 

By Tolo News
09 February 2023
အာဖဂန်တွင် ပညာသင်ခွင့်ပိတ်ခံထားရသည့် မိန်းကလေးများအတွက် ပါမောက္ခတစ်ဦးက စာအုပ်များ အခမဲ့လိုက်ဝေပေး 

အာဖဂန်ကျောင်းသူများသည် တက္ကသိုလ်တက်ခွင့် မရတော့သောကြောင့် ပညာဆက်သင်ယူနိုင်‌တော့မည်မဟုတ်ကြောင်း အိမ်လုပ်လက်တွန်းလှည်းဖြင့် စာအုပ်များကို လက်ဆောင်လိုက်ပေးနေသော ပါမောက္ခတစ်ဦးက ဝမ်းနည်းညည်းညူလျက်ရှိသည်။

“ဒီစာအုပ် ၂၁ ၀၀၀ လုံးကို ကျောင်းသားတွေနဲ့ အခြားပြည်သူတွေကို လက်ဆောင်ပေးဖို့ ဆုံးဖြတ်ထားပါတယ်” ဟု ပါမောက္ခမာရှယ်က ဆိုသည်။
လက်တွန်းလှည်းကို သစ်ရွက်သစ်ခက်များပါသည့် သစ်ပင်တစ်ပင်ကဲ့သို့ အလှဆင်ထားပြီး အရွက်များတွင် ပညာရပ်နယ်ပယ်ဆိုင်ရာအမည်များ ရေးသားထားသည်။

အစ္စလာမ်ဘာသာတွင် ပညာရေးသည် အမျိုးသားများရော၊ အမျိုးသမီးများအတွက်ပါ မရှိမဖြစ်လိုအပ်သည်ဟု တွန်းလှည်းတွင်ချိတ်ထားသော ဆိုင်းဘုတ်တစ်ခုတွင် ရေးသားထားသည်။
မာရှယ်က သူသည် ကျောင်းသားများအတွက် ယခုစာအုပ်များကို နှစ်ပေါင်းများစွာ စုဆောင်းခဲ့ပြီး အလဟဿ မဖြစ်စေလိုကြောင်း ပြောကြားခဲ့သည်။

"တက္ကသိုလ်တွေနဲ့ ကျောင်းတွေ ပိတ်ထားရင် အချိန်တွေ ကုန်သွားပြီး ဒီစာအုပ်တွေက ဖုန်တက်ကုန်မှာ။ ဒီစာအုပ်တွေကို ပြည်သူတွေကို လက်ဆောင်ပေးဖို့ ရည်ရွယ်ထားတယ်" ဟု မာရှယ်က ပြောကြားခဲ့သည်။
ကဘူးလ်မြို့ခံများက ပါမောက္ခကို ချီးကျူးခဲ့ကြပြီး ကျောင်းသူများအတွက် တက္ကသိုလ်များနှင့် စာသင်ကျောင်းများကို ချက်ချင်းဖွင့်ပေးရန် အာဖဂန်အစိုးရထံ တောင်းဆိုခဲ့ကြသည်။
“ကျွန်တော်တို့ရဲ့ အစ်မ၊ နှမ၊ အမေတွေ ခေါင်းမြီးခြုံပဝါဝတ်ပြီး ကျောင်းတက်၊ ပညာသင်ခွင့် ရစေချင်တယ်” ဟု ကဘူးလ်မြို့ခံ ခါလီအာမက်က ပြောသည်။
“ဒီအချိန်ကို အခွင့်ကောင်းယူပြီး အိမ်မှာ စာအုပ်တွေဖတ်သင့်တယ်” ဟု ကဘူးလ်မြို့ခံတစ်ဦးကပြောသည်။

အစောပိုင်းက အစ္စမေးလ်မာရှယ်သည် နိုင်ငံအတွင်း အမျိုးသမီးများ ပညာသင်ယူခွင့် တားမြစ်ပိတ်ပင်ခြင်းကို ကန့်ကွက်သည့်အနေဖြင့် TOLOnews တွင် ပြသခဲ့သော တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ၎င်း၏ အသိအမှတ်ပြုလက်မှတ်များနှင့် ဒီပလိုမာအောင်လက်မှတ်များကို ဆုတ်ဖြဲပစ်ခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly