ကိုဗစ်ဆက်စပ်သေဆုံးမှုများအား ဖုံးကွယ်ရန် တရုတ်ဆရာဝန်များ ဖိအားပေးခံနေရ

ကိုဗစ်ဆက်စပ်သေဆုံးမှုများအား ဖုံးကွယ်ရန် တရုတ်ဆရာဝန်များ ဖိအားပေးခံနေရ

တရုတ်အစိုးရသည် ကိုဗစ်ကြောင့် သေဆုံးနှုန်းကို လျှော့ပေါ့ထုတ်ပြန်ရန် ဆင်ဆာဖြတ်တောက်မှု လုပ်ဆောင်သည့်အပြင် ကိုဗစ်နှင့် ဆက်စပ်သေဆုံးမှုများအား ဖုံးကွယ်ရေး ဆရာဝန်များကို ဖိအားပေးရန်နှင့်  သေဆုံးစာရင်းပြုစုခြင်းလုပ်ငန်းစဉ်များ နှောင့်နှေးစေရန် စည်းမျဉ်းများနှင့်လုပ်ထုံးလုပ်နည်းများကို ပြောင်းလဲခဲ့ကြောင်း အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (VAA) က ပြောသည်။

အာဏာပိုင်များသည် ဆေးရုံပြင်ပတွင် တွေ့ရှိရသည့် ကိုဗစ်ကြောင့် သေဆုံးမှုများကိုလည်း တရားဝင်စာရင်းတွင် မထည့်သွင်းတော့ပေ။ 
ကမ္ဘာ့ဖိအားများ များပြားလာချိန်တွင် တရုတ်အစိုးရသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအစောပိုင်းမှ ဒီဇင်ဘာလလယ်ကြားတွင် ကိုဗစ်နှင့် ဆက်စပ်သေဆုံးမှု  ၆၀ ၀၀၀ ခန့်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ 

ကိုရိုနာဗိုင်းရပ်ကူးစက်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ သေဆုံးသူဦးရေ ၅ ၀ဝဝ သာရှိကြောင်း တရုတ်က အစဉ်တစိုက်ပြောခဲ့သည့်အပေါ်လည်း သံသယရှိနေကြသည်။
လက်တွေ့တွင် သေဆုံးသူအရေအတွက်မှာ ပိုမိုများပြားနိုင်ပြီး တရုတ်အစိုးရက ကိန်းဂဏန်းများကို လျှော့ပြနေသည်ဟု အများက ယုံကြည်နေကြောင်း VAA က ဆိုသည်။

တရုတ်တွင် ကပ်ရောဂါ၏ ပြင်းထန်မှုကို လျှော့ပြီးဖော်ပြသည့်အတွက် စိုးရိမ်ကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့(WHO) က ပြောကြားခဲ့ပြီး အသေးစိတ်အချက်အလက်များ ထုတ်ပြန်ရန် တိုက်တွန်းခဲ့သည်။
တရုတ်တွင် ကိုဗစ်ရောဂါကူးစက်မှုသည် ဒီဇင်ဘာလကုန်အထိ မြင့်တက်လာပြီး ဆေးရုံများ ပြည့်နှက်နေခဲ့သည်။

လူနာများစွာသည် ကုတင်မရကြသဖြင့် ကြမ်းပြင်ပေါ်တွင် အိပ်ကြရသည်။ ရေခဲတိုက်များနှင့် မီးသဂြိုဟ်စက် များမှာလည်း အချိန်ပြည့် လည်ပတ်နေရပြီး ရုပ်အလောင်းများမှာ အလှည့်မရောက်နိုင်ဘဲ ရက်ပေါင်းများစွာ ပစ်ထားရသည်။
သို့သော် တရုတ်အစိုးရသည် ကိုဗစ်အတည်ပြုလူနာ တိုးလာခြင်းနှင့် ပတ်သက်၍ နှုတ်ဆိတ်နေခဲ့သည်။

အစိုးရက ကျန်းမာရေးဆိုင်ရာ ကိန်းဂဏန်းများထုတ်ပြန်ခြင်းကို ရပ်ဆိုင်းခဲ့သဖြင့် ကိုဗစ်အခြေအနေမှန်များကို သိရှိရန် ခက်ခဲလာခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly