ယခုဘဏ္ဍာနှစ် ၁၀ လ အတွင်း စင်ကာပူက ကန်ဒေါ်လာ ၁ ဘီလီယံကျော်ဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံ

By မေဘယ်လ်သူ
08 February 2023
ယခုဘဏ္ဍာနှစ် ၁၀ လ အတွင်း စင်ကာပူက ကန်ဒေါ်လာ ၁ ဘီလီယံကျော်ဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံ

မဇ္ဈိမ ။  ။ ၂၀၂၂-၂၀၂၃ ယခုဘဏ္ဍာနှစ် ၁၀ လ အတွင်း စင်ကာပူနိုင်ငံက အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅၇ ဘီလီယံဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ယခုဘဏ္ဍာနှစ် ဧပြီမှ ဇန်နဝါရီလကုန်အထိ ၁၀ လအတွင်း မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၁,၄၇၆ သန်းကျော် ဝင်ရောက်ခဲ့သည်။

၂၀၂၂-၂၀၂၃ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ကိုးလ အတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံအလိုက် ဝင်ရောက်မြှုပ်နှံမှုအနေဖြင့် စင်ကာပူနိုင်ငံက ကန်ဒေါ်လာ ၁ ဒသမ ၁၅၄ ဘီလီယံဖြင့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၏ ထိပ်တန်းရင်းမြစ်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဟောင်ကောင်က ကန်ဒေါ်လာ ၁၆၅ သန်းကျော် ရင်းနှီးမြှုပ်နှံထားကာ ဒုတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး၊ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုမှာ ကန်ဒေါ်လာ ၉၅ သန်းကျော်ရှိခဲ့ကာ အက်စ်တိုးနီးယားနိုင်ငံက ကန်ဒေါ်လာ ၀.၈၅၂ သန်းဖြင့် အနည်းဆုံးဖြစ်သည်။

ဘီလီဇ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ ဆွစ်ဇလန်၊ ကိုရီးယား၊ ယူကေနိုင်ငံအပါအဝင် စုစုပေါင်း ၅၂ နိုင်ငံတို့မှ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုဘဏ္ဍာနှစ်အတွင်း ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံထားသည့်လုပ်ငန်းအများစုမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ သတ္တုတွင်း၊ ကုန်ထုတ်လုပ်မှု၊ လျှပ်စစ်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ အိမ်ခြံမြေ၊ စက်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှုကဏ္ဍတို့တွင် ဖြစ်ကြသည်။

မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ် ပထမ ခုနစ်လအတွင်းကလည်း နိုင်ငံပေါင်း ၁၃ နိုင်ငံမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံရရှိခဲ့ပြီး ယင်းအနက် စင်္ကာပူနိုင်ငံက အများဆုံးဖြစ်ခဲ့ကြောင်း ISP-Myanmar က အောက်တိုဘာ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required