စစ်ကောင်စီအား ICC သို့ လွှဲအပ်ရန် HURFOM အဖွဲ့ တောင်းဆို 

စစ်ကောင်စီအား ICC သို့ လွှဲအပ်ရန် HURFOM အဖွဲ့ တောင်းဆို 

စစ်အုပ်ချုပ်ရေး အဆုံးသတ်ရေးအတွက် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC သို့ မြန်မာစစ်တပ်အား လွှဲအပ်ရန် Human Rights Foundation of Monland (HURFOM) က တောင်းဆိုလျက် ရှိသည်။ 

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းမှု နှစ်နှစ်ပြည့်အဖြစ် အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျနှင့် ဗြိတိန်တို့ ချမှတ်ကြသော ဒဏ်ခတ်ပိတ်ဆို့မှုသစ်များကို ကြိုဆိုသော်လည်း မြန်မာစစ်တပ်က ပြည်သူထောင်ပေါင်းများစွာကို သတ်ဖြတ်ခြင်းကြောင့် ယခု အရေးယူမှုသည် အတော်လေး နောက်ကျသည်ဟု ၈၈ အရေးတော်ပုံမှ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသည့် ကျောင်းသားများ ထူထောင်ထားသော HURFOM အဖွဲ့က ပြောသည်။ 

၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းချိန်မှစပြီး စစ်ကောင်စီ ကျူးလွန်ခဲ့သော မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းက အရပ်သားများ၏ လူ့အခွင့်အရေးနှင့် လွတ်လပ်မှုများကို ဆိုးဆိုးဝါးဝါး ချိုးဖောက်ခြင်းများအား HURFOM က မှတ်တမ်းတင်လျက် ရှိသည်။ 

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှစကာ ရက်ပေါင်း ၇၃၀ အတွင်း စစ်ကောင်စီနှင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကြား တိုက်ပွဲများကြောင့် နိုင်ငံအရှေ့တောင်ပိုင်းတွင် နေအိမ်စွန့်ခွာထွက်ပြေးရသူပေါင်း ၂၅,၀၀၀ နီးပါးရှိကြောင်း HURFOM က ထုတ်ပြန်သည်။ 

ပြည်သူများ တိမ်းရှောင်ထွက်ပြေးသွားသည့်နောက်တွင် စစ်ကောင်စီတပ်များသည် ကျေးရွာများအား မီးရှို့ခြင်း၊ ပိုင်ဆိုင်မှုပစ္စည်းများ လုယက်ခြင်း၊ ကျွဲနွားတိရစ္ဆာန်များကို ပစ်သတ်ခြင်းများ ကျူးလွန်ကြသည်။ ယင်းအပြင် အပြစ်မဲ့ အရပ်သား ၃,၀၀၀ ကျော်ထက်မနည်း ဖမ်းဆီးချုပ်နှောင်ခံရသည်။  

ဖြစ်ပွားဆဲ လူ့အခွင့်အရေး ချိုးဖောက်မှုများကို HURFOM က ရှုတ်ချပြီး နိုင်ငံတကာက ချက်ချင်းကြားဝင်ရန်နှင့် စစ်တပ် လွတ်ငြိမ်းခွင့်ရနေခြင်း အဆုံးသတ်ရေးအတွက် အမြင့်ဆုံးအဆင့်ဖြင့် အရေးယူနိုင်ငံရေးကို နိုင်ငံတကာက ဖော်ဆောင်ရန် တိုက်တွန်းသည်။ 

နိုင်ငံတစ်လွှားက မြို့နယ်တော်တော်များများတွင် စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေး ကြေညာခြင်းသည် ဒီမိုကရေစီလိုလားသော အုပ်စုများ၊ အရပ်သားများနှင့် ဒေသခုခံရေးတပ်ဖွဲ့များကို ပို၍ လူမဆန်စွာ ဖိနှိပ်ချုပ်ချယ်ခြင်းကို အချက်ပြလိုက်ခြင်းပဲ ဖြစ်သည်ဟု စစ်ရေးစစ်ရာ စောင့်ကြည့်သူများကလည်း ပြောကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly