စီးပွားရေးနှင့် အလုပ်အကိုင်များကို အကာအကွယ်ပေးရန် တရုတ်နိုင်ငံကို ပေးထားသည့် ဦးစားပေး ကုန်သွယ်ရေးမိတ်ဖက်အဆင့်ကို အမေရိကန် ရုပ်သိမ်းမည်

စီးပွားရေးနှင့် အလုပ်အကိုင်များကို အကာအကွယ်ပေးရန် တရုတ်နိုင်ငံကို ပေးထားသည့် ဦးစားပေး ကုန်သွယ်ရေးမိတ်ဖက်အဆင့်ကို အမေရိကန် ရုပ်သိမ်းမည်

တရုတ်နိုင်ငံသည် ၂၀၀၁ ခုနှစ်တွင် အမေရိကန်နှင့် ဦးစားပေးကုန်သွယ်မှု မိတ်ဖက် အဆင့်ကို ရရှိခဲ့ကာ ထိုအချိန်မှစ၍ အမေရိကန်သည် ထုတ်လုပ်မှု လုပ်ငန်းပေါင်း ၅၀ ၀၀၀ ကို ပိတ်ပစ်ခဲ့ရပြီး ထုတ်လုပ်မှုကဏ္ဍတွင် အလုပ်အကိုင် ၄ သန်းကျော် ဆုံးရှုံးခဲ့ရကြောင်းနှင့် ဆုံးရှုံးမှုများကို ပြန်လည်ကုစားရန် ၂၀၂၃ ခုနှစ်တွင် ထိုဦးစားပေးအဆင့်ကို ရုပ်သိမ်းရေး ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း Singapore Post သတင်းတွင် ဖော်ပြထားသည်။ 

အမေရိကန် ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ်များဖြစ်ကြသည့် တွမ် ကော့တွန်၊ တက်ဒ် ဘတ်ဒ်၊ ရစ်စကော့နှင့် ဂျေဒီ ဗန့်စ်တို့သည် တရုတ်နိုင်ငံ၏ အမြဲတမ်း ပုံမှန်ကုန်သွယ်မှုဆက်ဆံရေး (PNTR) အဆင့်အတန်းကို ရပ်ဆိုင်းရန် တရုတ်ကုန်သွယ်မှု ဆက်ဆံရေးအက်ဥပဒေကို ယခုနှစ် ဇန်နဝါရီ ၂၆ ရက်က တင်သွင်းခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ 

"ကွန်မြူနစ်တရုတ်ဟာ ဆယ်စုနှစ် ၂ ခုကြာ အမြဲတမ်း ဦးစားပေးအဆင့်အတန်းကို ခံစားခဲ့ရပြီး အမေရိကန်ရဲ့ ကုန်ထုတ်လုပ်ရေး အလုပ်ကိုင်တွေ ပိုမိုဆုံးရှုံးစေခဲ့ပါတယ်။ တရုတ်က ဒီအခွင့်ထူးနဲ့ ဘယ်တုန်းကမှ မထိုက်တန်ခဲ့ပါဘူး။ ဒီကနေ့အချိန်ဆို တရုတ်က ဒီအခွင့်အရေးနဲ့ မထိုက်တန်တာ သေချာပါတယ်။ အမေရိကန် အလုပ်အကိုင်တွေကို ကာကွယ်ဖို့နဲ့ တရုတ်ကွန်မြူနစ်တွေကို တားဆီးဖို့ အချိန်ရောက်ပြီ။ အဓမ္မလုပ်အားပေး စခန်းတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တရုတ်ကွန်မြူနစ်ပါတီမှာ တာဝန်ရှိပါတယ်” ဟု ကော့တွန်၏ ပြောကြားချက်ကို ကိုးကား၍ The Singapore Post သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်သမ္မတ ဘီလ်ကလင်တန်လက်ထက် ၂၀၀၀ ခုနှစ်တွင် တရုတ်သည် အမေရိကန်၏ အမြဲတမ်းပုံမှန်ကုန်သွယ်မှုဆက်ဆံရေးအဆင့်အတန်းကို ရရှိခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် ဘုရှ်အစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) သို့ ဝင်ရောက်ခဲ့သည်။

"တရုတ်ကွန်မြူနစ်ပါတီ (CCP) ဟာ အမေရိကန်ကို ဖျက်ဆီးဖို့ကလွဲပြီး ဘာကိုမှ ဂရုစိုက်မှာမဟုတ်ဘူး။ ကွန်မြူနစ်ပါတီအစိုးရရဲ့ ကုန်သွယ်မှုလုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးဖို့ အမေရိကန်အနေနဲ့ ဦးစားပေး ဆက်ဆံနေစရာ ဘာအကြောင်းမှ မရှိဘူး။ ခုအချိန်ဟာ တရုတ်ကွန်မြူနစ်ပါတီထက် အမေရိကန် အကျိုးစီးပွားကို ရှေ့တန်းတင်ပြီး ဒီခေတ်မမီတော့တဲ့ ဥပဒေကို ဖျက်ပစ်ရမယ့် အချိန်ဖြစ်ပါတယ်” ဟု ဖလော်ရီဒါ အထက်လွှတ်တော်အမတ် စကော့ဒ်၏ ပြောကြားချက်ကို ကိုးကား၍ အဆိုပါ သတင်းတွင် ဖော်ပြထားသည်။ 

အမေရိကန်လွှတ်တော်က အမြဲတမ်း ဦးစားပေးအဆင့်ကို အတည်ပြုပြီးကတည်းက အိုဟိုင်းယိုးပြည်နယ်မှာ အလုပ်အကိုင်ပေါင်း ၁၃၀ ၀၀၀ ကျော် ဆုံးရှုံးခဲ့ရကြောင်း ရီပတ်ဘလစ်ကန်အမတ် ဗန့်စ်က ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly