တရုတ်ကိုထောက်ခံသည့် ဝါဒဖြန့်အကောင့် ၅၀ ၀၀၀ ကျော်ကို Google ပိတ်ပင်

By ANI 
08 February 2023
တရုတ်ကိုထောက်ခံသည့် ဝါဒဖြန့်အကောင့် ၅၀ ၀၀၀ ကျော်ကို Google ပိတ်ပင်

အမေရိကန်နည်းပညာကုမ္ပဏီကြီး ဂူးဂဲလ် (Google) သည် ယမန်နှစ်က YouTube၊ Blogger နှင့် AdSense ကဲ့သို့ ပလက်ဖောင်းအမျိုးမျိုးပေါ်ရှိ တရုတ်ကိုထောက်ခံသည့် အကောင့်များက မျှဝေထားသော အကြောင်းအရာပေါင်း ၅၀ ၀၀၀ ကျော်ကို ပိတ်ပင်ခဲ့ကြောင်း ဂူးဂဲလ်ကုမ္ပဏီက ပြောကြားလိုက်သည်။

တရုတ်လိုလားသော အမြင်သဘောထားများနှင့် အမေရိကန်ကို ဝေဖန်သည့် အချက်များ ပိုမိုပါဝင်သည့် အကြောင်းအရာများကို မျှဝေလေ့ရှိသော အဖွဲ့ဖြစ်သည့် Spamouflage Dragon နှင့် Dragonbridge ဟုအမည်ရအဖွဲ့များကို ပိတ်ပင်ခဲ့ကြောင်း ဂူးဂဲလ်၏ ခြိမ်းခြောက်မှု စိစစ်ရေးအဖွဲ့(TAG)က ဇန်နဝါရီလ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ 
အဆိုပါအဖွဲ့သည် တရုတ်စကားပြောသူများကို အဓိကပစ်မှတ်ထားသော်လည်း အချို့အကြောင်းအရာများကို အင်္ဂလိပ်နှင့် အခြားဘာသာစကားများဖြင့် ဖော်ပြခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ခြိမ်းခြောက်မှု စိစစ်ရေးအဖွဲ့(TAG) တာဝန်မှာ သတင်းအချက်အလက်စစ်ဆင်ရေး (IO) တွင် ပါဝင်ဆောင်ရွက်နေသူများ အပါအဝင် ဆိုးရွားသည့် ခြိမ်းခြောက်မှုများကို သိရှိအောင်ဆောင်ရွက်ပြီး တန်ပြန်ရန် ဖြစ်သည်။

သတင်းအချက်အလက်စစ်ဆင်ရေး (IO)အဖွဲ့၏ သက်တမ်းတစ်လျှောက် DRAGONBRIDGE အကောင့်ပေါင်း  ၁၀၀ ၀၀၀ ကျော်ကို ဖျက်သိမ်းပစ်ခဲ့သည်ဟု ခြိမ်းခြောက်မှု စိစစ်ရေးအဖွဲ့(TAG)က ပြောသည်။ အကြောင်းအရာများကို အမြောက်အများနှင့် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်နိုင်သော်လည်း DRAGONBRIDGE သည် ၂၀၂၂ ခုနှစ်တွင် ဝင်ရောက်ကြည့်ရှုသူအစစ်မှန် မရှိသလောက်ဖြစ်ပြီး ဂူးဂဲလ်က ဖျက်သိမ်းချိန်တွင် DRAGONBRIDGE ချန်နယ်အများစုတွင် စောင့်ကြည့်ရန်စာရင်းသွင်းထားသူ တစ်ဦးမှ မရှိဘဲ DRAGONBRIDGE ဗီဒီယိုများ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ ကြည့်ရှုမှု ၁၀၀ အောက်သာ ရှိခဲ့သည်။

ဝင်ရောက်ကြည့်ရှုမှုများပြားသည့် DRAGONBRIDGE အကြောင်းအရာများကို ရှားရှားပါးပါး တွေ့ရလေ့ရှိသော်လည်း ၎င်းမှာ အစစ်အမှန်မဟုတ်ဘဲ အခြား DRAGONBRIDGE အကောင့်များက ဝင်ရောက်ကြည့်ရှုခဲ့ခြင်းဖြစ်ပြီး အမှန်တယ်အသုံးပြုသူများက ဝင်ရောက်ခဲ့ခြင်းမဟုတ်ပေ။ မှတ်ချက်အများစုကို အခြား DRAGONBRIDGE အကောင့်များက ရေးသားခဲ့ခြင်းဖြစ်သည်။

ဘလော့ဂါ ဝင်ရောက်ကြည့်ရှုမှုဆန်းစစ်ချက်များအရ DRAGONBRIDGE ၏ ဘလော့ဂ်များတွင် အမှန်တကယ်ဝင်ရောက်ကြည့်ရှူသူ မရှိသလောက်ဖြစ်ကြောင်း တွေ့ရသည်။ ဒီဇင်ဘာလတွင် ပိတ်သိမ်းခဲ့သည့် DRAGONBRIDGE ဘလော့ဂ်များ၏ ၉၅ ရာခိုင်နှုန်းခန့်သည် ကြည့်ရှုမှု ၁၀ ကြိမ် သို့မဟုတ် ၁၀ ကြိမ် အောက်သာ ရရှိခဲ့ပြီး ၉၆ ရာခိုင်နှုန်းကျော်တွင် မှတ်ချက်ရေးသားသူ မရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"DRAGONBRIDGE ချန်နယ်များနှင့် ဘလော့ဂ်အကြောင်းအရာများသည် တရုတ်လိုလားသော အကြောင်းအရာများကို ဖော်ပြပြီး အမေရိကန်ကို ဝေဖန်သည်။ ချန်နယ်၏ တရုတ်လိုလားသော အကြောင်းအရာများတွင် တရုတ်နိုင်ငံ၏ ကူးစက်ရောဂါထိန်းချုပ်မှုကိုချီးကျူးသည့် အကြောင်းများ၊ ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများကို ဝေဖန်သည့် အကြောင်းများနှင့် အထူးသဖြင့် ၂၀၂၂ ခုနှစ်တွင် ထိုင်ဝမ်နှင့် ပေါင်းစည်းရေးကို သိသိသာသာ ထောက်ခံအားပေးသည့် အကြောင်းအရာများ ပါဝင်သည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အဆိုပါအကောင့်များသည် ထိုင်ဝမ်သို့ သွားရောက်ခဲ့သည့် အမေရိကန်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီဘက်သို့ပင် မြားဦးလှည့်ခဲ့ကြသည်။
DRAGONBRIDGE သည် ၂၀၂၂ ခုနှစ်တွင် မန်ဒရင်း၊ အင်္ဂလိပ်နှင့် အခြားဘာသာစကားများကို အသုံးပြုထားသည့် အကြောင်းအရာများဖြင့် အမေရိကန်အပေါ် ဝေဖန်မှုများ တိုးမြှင့်ဆောင်ရွက်ခဲ့သည်။

အမေရိကန်၏ ကိုဗစ်-၁၉ ကို တုံ့ပြန်ဆောင်ရွက်မှု၊ လူမျိုးအလိုက် တန်းတူအခွင့်အရေးမရရှိမှု၊ တန်းတူအခွင့်အရေးမရရှိမှု၊ နိုင်ငံရေးကွဲပြားမှု၊ ငွေကြေးဖောင်းပွမှုနှင့် အခြားအငြင်းပွားဖွယ်အကြောင်းအရာများကဲ့သို့ DRAGONBRIDGE အကြောင်းအရာများကို ဂူးဂဲလ်က ၂၀၂၂ ခုနှစ်တွင် ဖယ်ရှားခဲ့သည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly