စစ်ကောင်စီတပ်သတင်းပေးဟု သတ်မှတ်ခံရသူ အသတ်ခံလိုက်ရသည့်အမှုအား မိသားစုက  KNU တွင် တိုင်ချက်ဖွင့်

By ဂျူချန်း
07 February 2023
စစ်ကောင်စီတပ်သတင်းပေးဟု သတ်မှတ်ခံရသူ အသတ်ခံလိုက်ရသည့်အမှုအား မိသားစုက  KNU တွင် တိုင်ချက်ဖွင့်

မဇ္ဈိမ။   ။မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းတွင် စစ်ကောင်စီတပ်ကို သတင်းပေးသည်ဟု သတ်မှတ်ခံရသည့် အသက် ၂၈ နှစ်အရွယ် ကိုဝင်းထွဋ် အသတ်ခံရမှုနှင့်ပတ်သက်၍ မိသားစုဝင်များက ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၆) တပ်ရင်း (၁၆)ရှိ ရုံးထိုင်မှူး စောဖိုးပလဲ ထံတွင် ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့၌ တိုင်ချက်ဖွင့်ထားကြောင်း သိရသည်။

“သူတို့က ဒလန်လို့သာ စွပ်စွဲပြီး သတ်သွားတာ၊ ဖုန်းတွေသိမ်းတာမျိုး၊ မသင်္ကာတဲ့ အချက်အလက်တွေကို ရှာဖွေတာမျိုးလည်း မလုပ်ဘူး။ ဘာမှလည်း မယူသွားဘူး။ သေဆုံးသူဖုန်းကအစ သူ့ရဲ့ မိသားစုဝင်တွေလက်ထဲမှာ ရှိပါသေးတယ်။ သေသွားတဲ့ ကိုဝင်းထွဋ်ရဲ့ အဒေါ်နဲ့ သူ့အကိုနှစ်ယောက်ကလည်း ခုလွတ်မြောက်နယ်မြေထဲမှာ ရောက်နေပါတယ်။ သူတို့က စကစ ဘက်ကမဟုတ်လို့ KNU ဆီမှာ အမှုသွားတိုင်ထားတာပေါ့။ သူတို့က စကစဒေါက်တိုင်လည်းမဟုတ်လို့ ဟိုဘက်ကိုလည်း သွားမတိုင်ဘူး ဒီဘက်ခြမ်းကို ရောက်လာတယ်။ အဲ့တော့ အုပ်ချုပ်ရေးအပိုင်းကို တိုင်ထားပေးတယ်။ နောက်နောင် ဒီလို ဒလန်ရှင်းတဲ့ကိစ္စကို လက်လွတ်စပယ်မလုပ်ဖို့ KNU အုပ်ချုပ်ရေးပိုင်းနဲ့ နည်းနာကျကျ စနစ်တကျနဲ့ သွားပါမယ်” ဟု အဆိုပါ KNU နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

“ဘာရန်ငြိုးမှမရှိသလို ဘယ်ပြည်သူကိုမှလည်း ခြိမ်းခြောက်ထားတဲ့အထောက်အထား တစ်စုံတစ်ရာ မရှိပါဘူး။ စကစယူနီဖောင်းဝတ်တယ်ဆိုရင်လည်း သက်သေခံပစ္စည်းတွေ သိမ်းပေါ့။ အခုက ဖုန်းတောင်မသိမ်းသွားဘူး။ သေဆုံးသူက အရက်သောက်တတ်တာရယ်ပဲ ရှိပါတယ်” ဟု ကျုံလောင်းရွာဟောင်းမှ ရွာသားများကပြောသည်။

ဖေဖော်ဝါရီလ ၄ရက်နေ့တွင် ဆိုင်ကယ်ဦးထုပ်ဆောင်းပြီး မက်စ်တပ်ထားသည့် PDF ခြောက်ယောက်ဝင်လာကာ အိမ်အဝ မှနေ၍ သေနတ်ဖြင့် အချက်ပေါင်း ၃၀ကျော် တရစပ်ပစ်ခတ်ကာ ကိုဝင်းထွဋ်အနီးတွင် သူ့အမေနှင့် အလုပ်သမား ကိုနေလင်းထူးတို့ အနီးကပ်ရှိနေခဲ့ကြောင်းနှင့် သေဆုံးသူကိုဝင်းထွဋ်၏ ခန္ဓာကိုယ်တွင် ကျည်ထိပ်ဖူး ငါးခုရရှိကြောင်းသိရသည်။

သေဆုံးခဲ့သည့် ကိုဝင်းထွဋ်တွင် လေးနှစ်အရွယ် သမီးတစ်ဦးနှင့် ကိုယ်ဝန်လွယ်ထားရသည့် အမျိုးသမီး ကျန်ခဲ့ကြောင်း ဆိုသည်။

လက်ရှိတွင် အဆိုပါပစ်ခတ်မှု၌ ဒဏ်ရာရရှိခဲ့သည့် သေဆုံးသူ၏အမေဖြစ်သူနှင့် အလုပ်သမားဖြစ်သူတို့အား မော်လမြိုင်ဆေးရုံကြီးတွင် ကုသမှု ခံယူနေရကြောင်း သိရသည်။ ကိုဝင်းထွဋ်အမေဖြစ်သူ ဒေါ်သန်းရီ(၆၅နှစ်)မှာ ဒူးခေါင်းကွဲထွက်ကာ ဂုံညှင်းကြေသွားပြီး သွေး လေးပုလင်း သွင်းထားရကြောင်းနှင့် ထိုအိမ်တွင် အလုပ်လာလုပ်သည့်  နေလင်းထူး(ခ)ကရင် ဆိုသူမှာ ဗိုက်ပေါက်ထွက်ကာ အူများပြန်ဆက်ထားရသဖြင့် အသက်အန္တရာယ်စိုးရိမ်ရကြောင်း ဆိုသည်။

အဆိုပါဖြစ်စဉ်အား MSRO ထံ ထပ်မံမေးမြန်းရာတွင် “သူက စစ်ကောင်စီယူနီဖောင်းဝတ်ပြီး ညဘက်တွေဆို ရွာမှာ တစ်အိမ်တက် တစ်အိမ်ဆင်းနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတွေ ကျူးလွန်နေပါတယ်ဗျ။ ကျွန်တော်ကိုယ်တိုင် အနစ်နာခံ ရွာသားတွေကို မေးမြန်းပြီးမှ အတည်ပြုတာပါဗျ။ ပစ်ခတ်ချိန်မှာ မဆိုင်တဲ့သူတွေအားလုံး ဝပ်နေဖို့ အတန်တန် သတိပေးခဲ့ပါတယ်ဗျ။ အနားက မခွာဘဲ ရှိနေတာကတော့ ကျွန်တော်တို့ မတတ်နိုင်ခဲ့ပါဘူး။ နောက်တစ်ယောက်ကလည်း သူနဲ့တစ်ဖွဲ့တည်း။ အဲ့သတင်းသာ ကြိုရခဲ့ရင် အဲ့လူပါ အပြီးခေါ်သွားမှာပါ” ဟု MSRO ၏ စစ်ရေးတာဝန်ခံ ကိုဒီဃာ က မဇ္ဈိမ ကိုပြောသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့၌ ကိုဝင်းထွဋ်ဆိုသူအား မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့(MSRO) နှင့် ရေးဘီလူး ပူးပေါင်းအဖွဲ့တို့မှ စစ်ကောင်စီသတင်းပေးသည်ဟု သတ်မှတ်၍ ပစ်ခတ်ခဲ့ခြင်းဖြစ်ရာ အဆိုပါဖြစ်စဉ်တွင် ကိုဝင်းထွဋ်အမေဖြစ်သူနှင့် အဆိုပါအိမ်တွင် အလုပ်လုပ်နေသည့် အလုပ်သမားတစ်ဦး ထိခိုက်ခဲ့သည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly