စီးပွားရေးကျပ်တည်းလာသည့် အာဖဂန်မိသားစုများက စားဝတ်နေရေးပြဿနာ ဖြေရှင်းရန် သားသမီးများကို ရောင်းစား 

By EXPRESS
07 February 2023
စီးပွားရေးကျပ်တည်းလာသည့် အာဖဂန်မိသားစုများက စားဝတ်နေရေးပြဿနာ ဖြေရှင်းရန် သားသမီးများကို ရောင်းစား 

အာဖဂန်နစ္စတန်တွင် လွန်ခဲ့သည့် ၁၈ လခန့်က တာလီဘန်များ အာဏာပြန်ရလာပြီးနောက် အမျိုးသမီးများ ၏အခွင့်အရေးများ ဆုံးရှုံးသွားမှုနှင့်အတူ အာဖဂန်မိသားစုများသည် ငတ်မွတ်ခေါင်းပါးမှုကို ရှောင်ရှားရန် မိမိတို့၏ သားသမီးများကို ရောင်းစားလာရကြောင်း စိုးရိမ်ထိတ်လန့်နေသည့် အမျိုးသမီးအကူအညီပေးရေး ဝန်ထမ်းတစ်ဦးက Express.co.uk ဝက်ဘ်ဆိုက်သို့ ပြောပြခဲ့သည်။ 

အမျိုးသမီးအကူအညီပေးရေးဝန်ထမ်း ဆာရာ (အမည်လွှဲက) ယင်းကိစ္စများနှင့်ပတ်သက်ပြီး အလေးထား ဆောင်ရွက်ပေးရန် နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းခဲ့သည်။ အမျိုးသမီးများသည် အခက်အခဲများ ကြုံနေရသော်လည်း တန်းတူညီမျှမှုရရှိရေး ကြိုးပမ်းရာတွင် မည်သည့်အခါမျှ အလျှော့ပေးမည် မဟုတ်ဟု ဆာရာက ပြောသည်။

တာလီဘန်က အကူအညီပေးရေးအဖွဲ့အစည်းများတွင် အမျိုးသမီးများအား အလုပ်လုပ်ကိုင်ခွင့် ပိတ်ပင်လိုက်သောအခါ ဆာရာသည် အာဖဂန်နစ္စတန်ရှိ အမျိုးသမီးရေးရာ နိုင်ငံတကာအဖွဲ့အစည်း (WfWI) ၌ အလုပ်လုပ်နေချိန်ဖြစ်သည်။ 
“အရင်တုန်းကတော့ ဘဝက ပုံမှန်ပါပဲ။ ကျွန်မ တစ်ခါမှ ဘူခါခေါင်းမြီးခြုံပဝါ မဝတ်ဖူးဘူး။ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ နောက်ပိုင်းမှာ အာဖဂန်နစ္စတန်မှာရှိတဲ့ အမျိုးသမီးတိုင်းရဲ့ဘဝက ပြောင်းလဲသွားတယ်” ဟု ဆာရာက ဆိုသည်။

အာဖဂန်ပြည်သူများသည် စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး ကုန်ပစ္စည်းဈေးနှုန်း  မြင့်တက်လာကာ အလုပ်လက်မဲ့လည်း များလာကြောင်း ဆာရာက ပြောကြားခဲ့သည်။
“ငတ်မွတ်ခေါင်းပါးမှုက အကြီးဆုံး ပြဿနာတွေထဲက တစ်ခုပါ။ နေ့စဉ်နဲ့အမျှ လူတွေဟာ အစာငတ်ပြီး တချို့ဆို အသက်ရှင်သန်ဖို့ သားသမီးတွေကို ရောင်းစားနေကြရတယ်။ အခုဆို အမျိုးသမီးတွေဟာ အများပြည်သူကြားမှာ မျက်နှာကို ဖုံးအုပ်ထားရပြီးတော့ မဖြစ်မနေကိစ္စတွေကလွဲပြီး အပြင်မထွက်ဖို့ အစိုးရက အမိန့်ထုတ်ထားတယ်” လို ၎င်းက ဆက်ပြောသည်။

အာဖဂန်နစ္စတန်ကို နှစ်ပေါင်းများစွာ ထိခိုက်စေခဲ့သည့် အတောမသတ်နိုင်သော ပဋိပက္ခကို ရည်ညွှန်းလျက် ဆာရာက “စစ်ပွဲကြောင့် ခင်ပွန်းသည်တွေ၊ အစ်ကိုတွေ မောင်တွေ၊ ဖခင်တွေ အများကြီး သေဆုံးခဲ့ရပြီး အခုချိန်မှာ အမျိုးသမီးတွေက သူတို့အိမ်ထောင်စုအတွက် ဝင်ငွေရှာနေသူတွေပါ။ အလုပ်မလုပ်နိုင်ရင် ဘာလုပ်ရမလဲ။ အခုလို ဆောင်းရာသီဆို အာဖဂန်နစ္စတန်မှာ လိုအပ်ချက်တွေ အများကြီးပါ” ဟု ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly