“ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့ကို ဘယ်လို ဦးဆောင်မလဲ။”

“ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့ကို ဘယ်လို ဦးဆောင်မလဲ။”

အခက်အခဲ တစ်ချို့ ရှိခဲ့ပေမယ့် အခုဆိုရင် သမိုင်းဝင်မယ့် သမ္မတ ရွေးချယ်တင်မြှောက်ပွဲ အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့ပါပြီ။ ဦးထင်ကျော်ဟာ မြန်မာနိုင်ငံရဲ့ ရာစုနှစ် တစ်ဝက်ကျော် ကာလ အတွင်း ပြည်သူတွေ ရွေးကောက်တင်မြှောက်လိုက်သူတွေက ရွေးချယ်ပေးတဲ့ ပထမဦးဆုံး သမ္မတ ဖြစ်လာပါပြီ။ ဒါပြီးရင် ပြည်သူတွေ စိတ်ဝင်စားနေကြတာက အစိုးရအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့နေရာပါ။ ဒီကနေ့ အဲဒီအကြောင်း ဆွေးနွေး တင်ပြသွားပါ့မယ်။

သမ္မတ ရွေးချယ်ပွဲမတိုင်ခင် ရက်ပိုင်းမှာပဲ အင်န်အယ်လ်ဒီ ပြောခွင့်ရ ဦးဉာဏ်ဝင်းက သူ့စဉ်းစားချက် အရဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့ထဲ ဝင်ရောက် လုပ်ကိုင်မှာ မဟုတ်ဘူး၊ အဲလို ဝင်လုပ်လိုက်ရင် ပါတီနဲ့ အဆက်ဖြတ်ရလိမ့်မယ်၊ ဒါကြောင့် ပါတီကိုပဲ ဆက်ပြီး ဦးဆောင်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဒီ ပြောဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ အခြားသော အစိုးရအဖွဲ့ တာဝန်မယူဘူး၊ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် တစ်ယောက်ဖြစ်မယ့် နိုင်ငံခြားရေးဝန်ကြီး ရာထူးကိုလည်း မယူဘူး ဆိုတဲ့ သဘောပါ။ ဒါပေမယ့် ဦးဉာဏ်ဝင်းရဲ့ ဒီခန့်မှန်းချက်ဟာ ဒေါ်အောင်ဆန်းစုကြည် တလျောက်လုံး ပြောဆိုခဲ့တာတွေနဲ့ ကွဲလွဲနေတာ တွေ့နိုင်ပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင်နဲ့ ရွေးကောက်ပွဲ အပြီး နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ စကားလုံးကတော့ သူ့အနေနဲ့ အစိုးရအဖွဲ့ကို ဦးဆောင်သွားမယ် ဆိုတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သူ့အနေနဲ့ သမ္မတ ဖြစ်ခွင့် မရခဲ့ရင်တောင် သမ္မတ အထက်မှာနေပြီး အစိုးရအဖွဲ့ကို ဦးဆောင်မယ် ဆိုတာမျိုး ပြောခဲ့ပါတယ်။ နိုင်ငံခြား သွားရင်လည်း တိုင်းပြည်ကို ကိုယ်စားပြုပြီး သူသွားမယ်၊ သမ္မတ လည်း သူနဲ့ အတူ လိုက်သွားနိုင်တယ်၊ သူ့ဘေးနား ထိုင်နိုင်တယ် ဆိုသည်အထိ ပြောဆိုခဲ့ပါတယ်။

ဒီ ပြောဆိုချက်တွေ အားလုံးရဲ့ အဓိက ဆိုလိုရင်းဟာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သိပ်မကြာခင် ပေါ်ပေါက်လာတော့မယ့် အစိုးရအဖွဲ့ကို ဦးဆောင်မယ်၊ ဒါဟာလည်း တိုင်းပြည်မှာ ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာ့အလည်မှာ ပြန်ပြီး မျက်နှာပွင့်လန်းလာရေး စတဲ့ ကိစ္စအားလုံးကို အစိုးရအဖွဲ့ ဦးဆောင်သူမှ လုပ်နိုင်မှာမို့လို့ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကားဟာ လက်တွေ့ပိုကျတဲ့အတွက် အဲဒီပြောစကားတွေ အပေါ် မူတည်ပြီး ခန့်မှန်းတွက်ချက်ရတာက ပိုပြီး မှန်နိုင်ခြေ ရှိပါတယ်။ ကောင်းပါပြီ။ အစိုးရအဖွဲ့ကို ဦးဆောင်မယ် ဆို ဘယ်လိုနေရာက ဝင်ပါပြီး ဘယ်လို ဦးဆောင်မလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်။ လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတ ဟာ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးက လွဲရင် ဝန်ကြီးဌာနတွေကို လိုသလို ဖွဲ့စည်းနိုင်ပြီး၊ လိုအပ်သလို စီမံခန့်ခွဲပိုင်ခွင့် ရှိပါတယ်။

ဝန်ကြီး ဒုဝန်ကြီးတွေကို စိတ်ကြိုက်ခန့်အပ်ခွင့်ရှိပြီး အဲဒီ ဝန်ကြီး၊ ဒုဝန်ကြီးတွေဟာ ဝန်ကြီးဌာနတွေကို အပြည့်အ၀ စီမံကွပ်ကဲခွင့်ရှိပါတယ်။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဝန်ကြီး တစ်နေရာရာ ရယူထားလိုက်ရုံနဲ့ သူကြိုက်သလောက် ဝန်ကြီးဌာနတွေကို တိုက်ရိုက် စီမံခန့်ခွဲခွင့် ရမှာဖြစ်သလို၊ အစိုးရအဖွဲ့ အစည်းအဝေးတွေကနေ တဆင့် ဝန်ကြီးဌာန အားလုံးကိုလည်း ညွှန်ကြားလို့ ရပါလိမ့်မယ်။

နမူနာအားဖြင့် လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့မှာ ဝန်ကြီးဦးစိုးသိမ်းဟာ သမ္မတရုံး ဝန်ကြီးဌာန ဝန်ကြီး တာဝန်ယူထားပေမယ့် ကျန် ဝန်ကြီးဌာန အားလုံးနီးပါးကို သြဇာညောင်းသူပါ။ အစိုးရအဖွဲ့ အကြောင်း သိသူတိုင်း ဝန်ကြီးဦးစိုးသိမ်း သြဇာကြီးတာ အားလုံးသိကြပါတယ်။ အဓိပ္ပါယ်ကတော့ အစိုးရအဖွဲ့မှာ ဒုသမ္မတတွေ၊ ဝန်ကြီးတွေ အများကြီး ပါပေမယ့် သမ္မတ က ခွင့်ပြုရင် ဝန်ကြီးတစ်ယောက်ဟာ အားလုံးကို သမ္မတ ကိုယ်စား စီမံခန့်ခွဲခွင့် ရှိနေတယ် ဆိုတဲ့ သဘောပါ။ ဒီလို လုပ်ရတာ လွယ်သလို၊ ရှေ့မှာ သာဓကလည်း ရှိခဲ့ပြီးဖြစ်ပါတယ်။ ဒါတင်မက အဲလို အကောင်အထည် ဖော်ခြင်းဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့လည်း ညီညွတ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် စဉ်းစားဖို့ တစ်ချက်ပဲ ရှိပါတယ်။ တိုင်းပြည်မှာ အရေးပါတဲ့ ကိစ္စတွေကို အဆုံးအဖြတ် ပြုနိုင်တဲ့ အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေး ကောင်စီ ကာ-လုံ အဖွဲ့ထဲကို သွားမလား မသွားဘူးလား၊ တစ်နည်း နိုင်ငံခြားရေးဝန်ကြီး တာဝန်ကို ပူးတွဲ ယူမလား မယူဘူးလား ဆိုတာပါ။ ကာ-လုံ ဆိုတာဟာ နိုင်ငံမှာ အရေးပေါ် အခြေအနေ ဖြစ်ပေါ်လာရင် ဆုံးဖြတ်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း တစ်ခုပါ။ သာမန် အချိန်မှာတော့ သမ္မတ က လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုရင် တိုင်ပင်ရမယ့် အဖွဲ့အစည်း ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကာ-လုံကို ဦးဆောင်သူဟာ နိုင်ငံတော် သမ္မတ သာလျင် ဖြစ်ပြီး သမ္မတ က ခေါ်ယူမှသာ ကာ-လုံ အစည်းအဝေး ဖြစ်မှာပါ။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လာမယ့် အနာဂတ် ကာလ အစိုးရအဖွဲ့ကို ဦးဆောင်ဦးရွက် ပြုသွားရာမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် တပ်မတော် ခေါင်းဆောင်တွေနဲ့ မပြတ်ထိတွေ့ ဆက်ဆံဖို့ လိုမလို ဆုံးဖြတ်ရပါမယ်။ လိုမယ် ဆိုရင် တပ်မတော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံလိုတိုင်း သမ္မတ က ကာ-လုံ အစည်းအဝေး ခေါ်ပေးနိုင်ပါတယ်။

ဒီလိုမှ မဟုတ်ရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံလိုတဲ့တိုင် တွေ့ဆုံခွင့် တောင်းရာမှာ ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ်။ အနာဂတ်ကာလ တိုင်းပြည်ကို တပ်မတော် စစ်ခေါင်းဆောင်တွေနဲ့ အတူတကွ စီမံခန့်ခွဲကြမှာမို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုကာကွယ်ရေး ဦးစီးချုပ်တွေနဲ့ တွေ့ဆုံဆွေးနွေးခွင့် ရနိုင်မယ့် နိုင်ငံခြားရေးဝန်ကြီး နေရာ ရယူထားတာဟာ အမှားမရှိနိုင်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အစိုးရအဖွဲ့ကို ဦးဆောင်ရေး ဆိုတာ အခက်အခဲ ရှိမှာ မဟုတ်သလို၊ စိတ်ပူဖို့လည်း မလိုပါဘူး။ စိတ်ပူရမှာ တစ်ခုကတော့ အစိုးရအဖွဲ့ တာဝန်ယူပြီဆိုရင် ပါတီနိုင်ငံရေး လုပ်လို့ မရတာကြောင့် အင်န်အယ်လ်ဒီ ကို နောက်ဆုံး ဖွဲ့စည်းပေးလိုက်တဲ့ အတွင်းရေးမှူး အဖွဲ့လက်ထဲ စိတ်ချလက်ချ အပ်ထားလိုက်ဖို့သာ ရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly