စာသင်ကျောင်းများ ဆောက်လုပ်ပေးရန် အာဖဂန်နစ္စတန် နန်ဂါဟာဒေသခံများတောင်းဆို

By TOLO News
06 February 2023
စာသင်ကျောင်းများ ဆောက်လုပ်ပေးရန် အာဖဂန်နစ္စတန် နန်ဂါဟာဒေသခံများတောင်းဆို

စာသင်ကျောင်းအဆောက်အအုံများ နည်းပါးခြင်းသည် ပညာရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ထိခိုက်စေကြောင်း အာဖဂန်နစ္စတန်နိုင်ငံ နန်ဂါဟာပြည်နယ်ရှိ ကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသားများက ပြောသည်။

"ဒီနှစ်မှာ စာမေးပွဲတွေကို ဒီထီးဆောင်းပြီး ဖြေဆိုအောင်မြင်ခဲ့တာပါ" ဟု ကျောင်းသားတစ်ဦးဖြစ်သူ ရှာရီဖူလာက ပြောကြားခဲ့သည်။
“နေပူရင် ပူလို့ စာမသင်ရဘူး၊ မိုးရွာရင်လည်း မိုးကြောင့် စာမသင်ရပြန်ဘူး”ဟု အခြားကျောင်းသား အိုမီဒူလ်လာက ဆိုသည်။

နန်ဂါဟာပြည်နယ်ရှိ ရှူလာနီခရိုင်တွင် လွန်ခဲ့သည့် ၃ နှစ်က စာသင်ကျောင်းဆောက်လုပ်ရန် မြေ ၅ ဧက ချထားပေးခဲ့သော်လည်း မြေပြုပြင်ခြင်းနှင့် ရေတွင်းတူးခြင်းတို့ကို ကိုယ်စရိတ်နှင့်ကိုယ် ဆောင်ရွက်ခဲ့ရသည်။
"ကျွန်တော်တို့ လိုအပ်နေတဲ့အရာက မရှိသေးဘူး။ နွေရာသီဆို ကျောင်းသားတွေ နေပူပြီး ဆောင်းရာသီဆို အအေးဒဏ်ကို ခံရပါတယ်" ဟု ရှူလာနီအထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီး ဝါဆေးလ်ခန်းဇာဟီးရ်က ပြောကြားခဲ့သည်။

"ကျောင်းမှာ စာသင်ကျောင်းဆောင်တွေမရှိတော့ ကျောင်းသားအတော်များများက ကျောင်းပြောင်းသွားကြတယ်" ဟု ဆရာတစ်ဦးဖြစ်သူ ဆာမိအူလာဆာဂျစ်က ဆိုသည်။
သို့သော် ခရိုင်အတွင်း စာသင်ကျောင်းများ ဆောက်လုပ်ရန် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း နန်ဂါဟာ ဒေသခံဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

"ကျွန်တော်တို့မှာရှိတဲ့ အရင်းအမြစ်တွေနဲ့ ကြိုးစားဆောင်ရွက်နေပါတယ်။ စာသင်ကျောင်းတွေကို နေ့တိုင်းသွားကြည့်မယ်ဆိုရင် တချို့နေရာတွေမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေတာကို တွေ့ရမှာပါ" ဟု နန်ဂါဟာ ပညာရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဖာဟဒ်အာမက်စတန်နစ်ခ်ဇိုင်က ပြောကြားခဲ့သည်။

နန်ဂါဟာတွင် စာသင်ကျောင်း ၉၀၅ ကျောင်းရှိပြီး ၎င်းအနက် ကျောင်းပေါင်း ၁၀၀ တွင် စာသင်ကျောင်းဆောင်များ မရှိကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများက ထုတ်ပြန်သည့် အချက်အလက်များတွင် တွေ့နိုင်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly