အစ္စလာမ်ဘာသာအပေါ် တာလီဘန်၏ အဓိပ္ပာယ်ဖွင့်ဆိုမှုကို အစ္စလာမ်အသိုင်းအဝိုင်း စိုးရိမ်နေ

By Latestly 
06 February 2023
အစ္စလာမ်ဘာသာအပေါ် တာလီဘန်၏ အဓိပ္ပာယ်ဖွင့်ဆိုမှုကို အစ္စလာမ်အသိုင်းအဝိုင်း စိုးရိမ်နေ

အစ္စလာမ်ဘာသာနှင့်ပတ်သက်ပြီး တာလီဘန်၏ အဓိပ္ပာယ်ဖွင့်ဆိုမှုသည် နိုင်ငံရေးအရ စိန်ခေါ်မှုများ ဖြစ်ပေါ်စေသည့်အတွက် အစ္စလာမ်အသိုင်းအဝိုင်းက စိုးရိမ်နေသည်။ တာလီဘန်များသည် အစ္စလာမ်ဘာသာအပေါ် ကိုယ်ပိုင်အဓိပ္ပာယ်ဖွင့်ဆိုချက်များကို အခြေခံ၍ ရှာရီယာဥပဒေများကို ပြဋ္ဌာန်းခဲ့ကြောင်း ဒူဘိုင်းအခြေစိုက် မီဒီယာကွန်ရက် Al Arabiya Post သတင်းတွင် ဖော်ပြထားသည်။

သို့သော် တာလီဘန်ခေါင်းဆောင်များက ၎င်းတို့၏ မူဝါဒများသည် အစ္စလာမ်ဥပဒေအပေါ် အခြေခံသည်ဟု ပြောဆိုထားသည်။
ပါကစ္စတန်သည် အာဖဂန်တာလီဘန်၏ အယူဝါဒနှင့် အစ္စလာမ်ဥပဒေများကို ဝေးဝေးရှောင်သည့် မွတ်စလင်နိုင်ငံများတွင် ပါဝင်သည်ဟု ဆောင်းပါးရှင် မိုဟာမက် အမီးရ်ရာနာက Dawn သတင်းစာတွင် ရေးသားခဲ့သည်။

တာလီဘန်၏ အတွေးအခေါ် သြဇာလွှမ်းမိုးမှုကို မျက်မှောက်ကာလတွင် ပါကစ္စတန်ရှိ သဘောထားတင်းမာသော ဆွန်နီအဖွဲ့အစည်းဖြစ်သည့် တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) တွင် တွေ့နိုင်သည်။ 
ရှာရီယာကို ကျင့်သုံးရန်နှင့် အာဖဂန်နစ္စတန်ရှိ အမျိုးသမီးများကို အပယ်ခံဖြစ်စေရန်  တာလီဘန်တို့၏ လုပ်ဆောင်ချက်တိုင်းသည်  ပါကစ္စတန်ကို စိတ်ပျက်စေပြီး  တာလီဘန်များနှင့်သမိုင်းဝင် ဆက်နွှယ်မှုများမှ ဝေးကွာအောင် တွန်းပို့နေကြောင်း Al Arabiya Post တွင် ဖော်ပြထားသည်။

အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC)  ကပင် အာဖဂန်အမျိုးသမီးများအပေါ် တာလီဘန်များ၏ လုပ်ရပ်ကို သတိပြုမိပြီး လုပ်ကိုင်ပုံနည်းလမ်းများကို ပြုပြင်ရန် တာလီဘန်တို့အား သတိပေးခဲ့သည်။ အဖွဲ့ဝင် ၅၇ နိုင်ငံသည် အာဖဂန်နစ္စတန်ဆိုင်ရာ အထူးအစည်းအဝေးတစ်ရပ်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့ပြီး ကုလသမဂ္ဂပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားသည့် အခြေခံမူများနှင့် ရည်ရွယ်ချက်များကို လိုက်နာရန် တာလီဘန်အား တိုက်တွန်းခဲ့သည်။

အစ္စလာမ်ဝါဒမဟုတ်သည့် အမျိုးသမီးများပညာသင်ယူခွင့် တားမြစ်ချက်ကို ပြန်လည်စဉ်းစားရန် OIC က တောင်းဆိုထားပြီး အမျိုးသမီးများအတွက် ပညာရေးကို အားပေးသည့် စစ်မှန်သော အစ္စလာမ်ဘာသာကို တာလီဘန်အား သင်ကြားပြသရန် လှုပ်ရှားမှုတစ်ခု စတင်ခဲ့ကြောင်း Al Arabiya Post က ဖော်ပြခဲ့သည်။
တာလီဘန်တို့၏ အမျိုးသမီးများ ပညာသင်ကြားခွင့် ပိတ်ပင်မှုသည် အစ္စလာမ်ဥပဒေနှင့် ကိုက်ညီမှုမရှိကြောင်း အီဂျစ်နိုင်ငံ အယ်လ်အာဇား တက္ကသိုလ်၏ အဓိပတိက ပြောကြားခဲ့သည်။

"အခုအချိန်ဟာ ပညာရေးကို ထိခိုက်စေတဲ့ ခွဲခြားဆက်ဆံတဲ့ ဥပဒေနဲ့ အလေ့အထအားလုံးကို အဆုံးသတ်ဖို့ အချိန်တန်နေပါပြီ။ အထူးသဖြင့် မိန်းကလေးတွေ အလယ်တန်းနဲ့ အထက်တန်း ပညာသင်ယူခွင့်ကို တားမြစ်ပိတ်ပင်ထားတဲ့ ဆိုးရွားပြီး ကိုယ့်တပ်ကိုယ်ပြန်နင်းတဲ့လုပ်ရပ်လိုမျိုး တားမြစ်ချက်တွေကို ပယ်ဖျက်ပေးဖို့ အာဖဂန်နစ္စတန်နိုင်ငံမှာရှိတဲ့ အာဏာပိုင်တွေကို တောင်းဆိုပါတယ်” ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏  ပြောရေးဆိုခွင့်ရှိသူ စတက်ဖန်ဒူဂျာရစ်က ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly