အကျပ်အတည်းများနှင့် မြန်မာ့ခေတ်သစ် ခရီးအစ

အကျပ်အတည်းများနှင့် မြန်မာ့ခေတ်သစ် ခရီးအစ
နေပြည်တော်လွှတ်တော်ရုံးတွင် ကျင်းပလျှက်ရှိသည့် ၁၁ ကြိမ်မြောက် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး ပထမဆုံးနေ့သို့ တက်ရောက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ဟောင်ဆာ(ရာမည)

သမ္မတရွေးချယ်ပွဲ လုပ်ငန်းစဉ်များနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ NLD ပါတီ    လက်ထက် မြန်မာ့ခေတ်သစ်သို့ သွားရာခရီးမှာစတင်ပြီဖြစ်သည်။

သမ္မတအမည်စာရင်းများ ထွက်ပေါ်လာပြီးနောက် လအတန်ကြာခန့်မှန်းပြောဆိုနေရမှုများ အဆုံးသတ်သွားခဲ့သော်လည်း မြန်မာစစ်တပ်က သဘောထားတင်းမာသည့် စစ်တပ်အကြီးအကဲဟောင်း တစ်ဦးကို ဒုသမ္မတအဖြစ်အမည်စာရင်း တင်သွင်းခဲ့သည့်အတွက် စစ်တပ်နှင့် အသစ်တက်မည့်အစိုးရကြားတွင် တင်းမာမှုများ ပေါ်ပေါက်မည့်လက္ခဏာများ ရှိလာခဲ့သည်။

ဦးသိန်းစိန်အစိုးရလက်ထက်၌ ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားပြီး မကြာမီရာထူးမှထွက်ခွာရတော့မည့် ဦးမြင့်ဆွေကို စစ်တပ်က ဒုသမ္မတအဖြစ်တင်သွင်းလိုက်ခြင်းမှာ   ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရှေလျှောက် စစ်တပ်နှင့် ပြေလည်စေရေး ကြိုးပမ်းရာတွင်အခက်အခဲများနှင့်ရင်ဆိုင်ရတော့မည်ကို ဖော်ပြလျှက်ရှိနေသည်။

အားလုံးသိပြီးဖြစ်သည့်အတိုင်း တပ်မတော်သည် လွှတ်တော်အတွင်း၌ ၂၅ ရာခိုင်နှုန်း နေရာရယူထားပြီး အခြေခံဥပဒေကို ပြင်ဆင်ခွင့်ကို ထိန်းချုပ်ထားသလို အစိုးရအဖွဲ့အတွင်းတွင်လည်း အရေးပါသည့် နေရာ ၃ နေရာကို ရယူထားသေးသည်။

စစ်တပ်က ဒုသမ္မတအဖြစ်တင်သွင်းလိုက်သည့် ဦးမြင့်ဆွေသည် အငြိမ်းစားဒုဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ပြီး ၂၀၀၇ ခုနှစ်က ရွှေဝါရောင်အရေးအခင်းတွင်ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းခဲ့မှုများတွင် ပတ်သတ်မှုရှိခဲ့သူတစ်ဦး ဖြစ်သည်။

၂၀၁၁ ခုနှစ်၌ ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့ပြီးနောက်တွင်လည်း မသင်္ကာဖွယ်စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်ချထားပေးမှုများ ပြုလုပ်ခဲ့သူအဖြစ် နာမည်ထွက်ခဲ့သူလည်း ဖြစ်သည်။

ဦးမြင့်ဆွေကို ဒုသမ္မတအဖြစ်တင်သွင်းလိုက်ခြင်းမှာ သန့်ရှင်းသောအစိုးရဖော်ဆောင်မည်ဟု ရည်ရွယ်ထားပြီး လူ့အခွင့်အရေးကို လေးစားသည့် ဒေါ်အောင်ဆန်းစုကြည်အတွက် စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်ကြောင်း ဒေသတွင်း လေ့လာသုံးသပ်သူများက ယူဆလျှက်ရှိသည်။ ဦးမြင့်ဆွေသည် နောက်ကြောင်းရှင်းရှင်းလင်းလင်းရှိရန်ဖြစ်နိုင်စရာ မရှိသည့် အငြိမ်းစားဗိုလ်ချုပ်ကြီးများအနက်မှတစ်ယောက်ပင်ဖြစ်ပြီး ၎င်းကိုဒုသမ္မအဖြစ်တင်သွင်းလိုက်ခြင်းကြောင့် ပြည်တွင်းတွင်ရော၊ ပြည်ပတွင်ပါ ခိုင်မာအားကောင်းသည့် ပုံရိပ်ရရှိလိုနေသည့် စစ်တပ်အတွင်း၌လည်း အက်ကွဲကြောင်းများပေါ်လာနိုင်ချေ ရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံဥပဒေအရ ကိုယ်တိုင်သမ္မတမဖြစ်နိုင်သော်လည်း ရွေးကောက်ပွဲတွင် NLD က အပြတ်အသတ်အနိုင်ရခဲ့သဖြင့် ဒုသမ္မတ ၃ ဦးအနက်မှ ၂ ဦး ကိုရွေးချယ်ခွင့်ရရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ဒုသမ္မတနှစ်ဦးအဖြစ် သူမနှင့်ကျောင်းအတူတက်ခဲ့ဖူးပြီး စိတ်ချယုံကြည်ရသူလည်း ဖြစ်သည့် ဦးထင်ကျော်နှင့် တပ်အရာရှိဟောင်းချင်းလူမျိုး ဟင်နရီဗန်ထီးယူတို့ကို   ရွေးချယ်ခဲ့ကာ ထိုနှစ်ဦးအနက်မှ ဦးထင်ကျော်မှာ မြန်မာသမ္မတဖြစ်လာခဲ့ပြီဖြစ်သည်။

NLD ဦးဆောင်မည့်ခေတ်သစ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အနေအထားနှင့် ပတ်သတ်၍မူ အငြင်းပွားမှုများရှိနေဆဲဖြစ်သည်။ သို့သော်မကြာသေးမီက စစ်တက္ကသိုလ်တွင်ပြောကြားခဲ့သော မိန့်ခွန်း တစ်ခု၌  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရှေ့လာမည့် ၅ နှစ်တွင်လည်း ကျန်ခဲ့သည့် ၅ နှစ်ကဲ့သို့ပင် နိုင်ငံတည်ငြိမ်မှု ရှိစေရေးအတွက် တပ်မတော်က ဆက်လက်စောင့်ရှောက်ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်းထည့်သွင်းပြောကြားခဲ့ရာ စစ်တပ်အနေနှင့် နိုင်ငံရေးအရကြီးမားသည့် အပြောင်းအလဲဖြစ်ပေါ်ခြင်းမျိုးကို ထောက်ခံသွားဖွယ်မရှိချေ။

တစ်ဖက်တွင်လည်း သမ္မတအထက်မှနေ၍ တိုင်းပြည်ကိုစီမံခန့်ခွဲသွားမည်ဟူသော ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားထားချက်နှင့်ပတ်သတ်၍ မေးခွန်းများကထွက်ပေါ်လျှက်ရှိသည်။ သမ္မတသည် ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားမှုအောက်တွင်သာရှိမည်ဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန်း က ပြောကြားသည်။

'' တိုင်းပြည်မှာ ဗိုလ်ချုပ်မှူးကြီးဆိုတာရှိခဲ့ရင် သမ္မတမှူးကြီးဆိုတာလည်း ရှိလို့ရပါတယ် '' ဟု ၎င်းက ပြောကြားသည်။

သို့သော်ငြားလည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထိုကဲ့သို့ သမ္မတအထက်မှညွှန်ကြားမည့်လုပ်ငန်းစဉ်ကို မည်ကဲ့သို့သော ပုံစံမျိုးနှင့် အောင်မြင်အောင် လုပ်ဆောင်မည်နည်းဆိုသည့် အရေးကြီးသော မေးခွန်းတစ်ရပ်က ကျန်ရှိနေဆဲ ဖြစ်သည်။ အနောက်နိုင်ငံများမှ သံတမန်အချို့နှင့် ရန်ကုန်ရှိမြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူအချို့ကမူ ဒေါ်အောင်ဆန်းစုကြည်က အစိုးရအဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီးရာထူးရယူလိမ့်မည်ဟု ခန့်မှန်းလျှက်ရှိသည်။ထိုကဲ့သို့ နိုင်ငံခြားရေးဝန်ကြီးနေရာကိုရယူလိုက်ပါက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တိုင်းပြည်၏အရေးပါသော လုံခြုံရေး ကိစ္စရပ်များကို အဆုံးအဖြတ်ပေးသည့် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင်ပါဝင်ခွင့်ရသွားမည်ဟုလည်း ၎င်းတို့က ပြောကြားလျှက်ရှိသည်။ သို့သော် ကာလုံဟုအတိုကောက်ခေါ်ကြသော ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှာ ယခုနှစ်ပိုင်းများအတွင်းတွင် ကာလအတန်ကြာဆိုင်းငံ့ထားမှုများရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း နိုင်ငံခြားရေးဝန်ကြီးရာထူးကို အဓိကရည်ရွယ်စဉ်းစားထားခြင်းမျိုးမရှိကြောင်း အစိုးရအတွင်းပိုင်းမှလူများက ပြောကြားထားသည်။

အစိုးရအဖွဲ့အတွင်းဒေါ်အောင်ဆန်းစုကြည်၏နေရာနှင့်ပတ်သတ်၍ နောက်ထပ်ခန့်မှန်းမှုတစ်ခုမှာ အထူးဝန်ကြီး တစ်နေရာ ဖန်တီးရယူလိမ့်မည်ဟူသော ခန့်မှန်းချက်ဖြစ်သည်။ သံတမန်ရေးရာကိစ္စများ၊ နိုင်ငံတကာနှင့်ညှိနှိုင်းဆွေးနွေးမှုများတွင် ပါဝင်နိုင်ပြီး အစိုးရအဖွဲ့၏ ကဏ္ဍအများစုတွင်အရေးပါသောနေရာမှပါဝင်နိုင်မည့် အထူးဝန်ကြီးရာထူးမျိုးဖြစ်ကာ ယခုထွက်ခွာတော့မည့် အစိုးရလက်ထက်တွင် သမ္မတရုံးအကြံပေးများ၏ အခန်းကဏ္ဍမျိုးနှင့်ဆင်တူသည့် လုပ်ပိုင်ခွင့်မျိုး ရှိမည့် ရာထူးမျိုးဖြစ်သည်။

အချို့လေ့လာသုံးသပ်သူများကမူ အခြားသူတစ်ဦးတစ်ယောက်၏ ထိန်းချုပ်ညွှန်ကြားမှုအောက်တွင် ရှိနေသော သမ္မတတစ်ဦးအနေဖြင့် တိုင်းပြည်စီမံအုပ်ချုပ်ရာတွင် အခက်အခဲပြဿနာများဖြစ်ပေါ်လာနိုင်သည်ဟု သုံးသပ်လျှက် ရှိသည်။ ပြည်ပနိုင်ငံများမှခေါင်းဆောင်များနှင့် နိုင်ငံရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးရန်တွေ့ဆုံရာတွင် သမ္မတအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အမြင်နဲ့မတူသည့်လမ်းကြောင်းမှ ပြောဆိုဆွေးနွေးမိမှု၊ဆုံးဖြတ်မှုမိမှု ကဲ့သို့သော ညှိနှိုင်း ဆွေးနွေးခြင်းဆိုင်ရာ ပြဿနာများရှိလာနိုင်သည်ဟု အဆိုပါလေ့လာသုံးသပ်သူများက ထောက်ပြဝေဖန်ထားသည်။

နောက်ထပ်ဖြစ်နိုင်ချေတစ်ခုမှာ အစိုးရအဖွဲ့အတွင်း ဝန်ကြီးချုပ်ရာထူးနေရာ ဖန်တီးထားရှိပြီး ထိုရာထူးနေရာကို ဒေါ်အောင်ဆန်းစုကြည်က ရယူရန်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဝန်ကြီးချုပ်ရာထူးနေရာကို ရယူပြီး အစိုးရအဖွဲ့၏ပုံစံကို အသစ်ပြန်လည်ချမှတ်၍ရသည်ဟု ဝါရင့်မြန်မာ့အရေးလေ့လာသူ ဒါရက်တွန်ကင်က ပြောကြားသည်။

အခြေခံဥပဒေတွင် ဝန်ကြီးချုပ်ရာထူးထားရှိရန် အတွက်မဖော်ပြထားသလို၊ မထားရှိရဟုကန့်သတ်ထားခြင်းမျိုးလည်း မရှိကြောင်း ဒါရက်တွန်ကင်ကမှတ်ချက်ပေး   ပြောကြားသည်။   ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဝန်ကြီးချုပ်ရာထူး ရယူခြင်းဖြင့် မြန်မာ့ခေါင်းဆောင်တစ်ဦးအဖြစ် နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံ၍လည်းရမည်ဟု မစ္စတာတွန်ကင်က ထပ်လောင်း ပြောကြားသေးသည်။

နှစ်ပေါင်းများစွာအတွင်း မြန်မာနိုင်ငံ၏ပထမဆုံးအရပ်ဘက်မှလာသော သမ္မတဖြစ်သည့် ဦးထင်ကျော်မှာမူ မြန်မာသမ္မတများထဲတွင် သမ္မတရာထူးတာဝန်ကို မတောင့်တပါဘဲ  လက်ခံရရှိသည့် ပထမဆုံးသမ္မတလည်း ဖြစ်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ကာလကြာရှည်သစ္စာစောင့်သိလာခဲ့ပြီး နှိမ်နှိမ်ချချသာနေတတ်သည့် ဦးထင်ကျော်သည်   ဖြတ်သန်းလာခဲ့သည့် အထောက်အထားများအရရော ရင်းနှီးသူများ၏ပြောဆိုမှုများအရပါ အာဏာရမ္မက်နည်းပါးပြီး နိုင်ငံရေးလောဘလည်းနည်းပါးလွန်းသူဖြစ်ကြောင်း ပေါ်လွင်လျှက်ရှိသည်။

တစ်ဖက်တွင်လည်း သူ၏ နိုင်ငံရေးရမ္မက်နည်းပါးမှုနှင့် အုပ်ချုပ်ရေးအတွေ့အကြုံနည်းပါးမှုများက ခေါင်းဆောင်မှုပိုင်းတွင် ရော၊ နိုင်ငံရေးပိုင်းတွင်ပါ စိုးရိမ်ရမှုများရှိလာနိုင်မလားဆိုသည့်   မေးခွန်းများကပေါ်ထွက်လာနေသည်။ လက်ရှိအချိန်တွင် အသက် ၇၀ ရှိပြီဖြစ်သည့်ဒေါ်အောင်ဆန်းစုကြည်သာ တစ်စုံတစ်ခုဖြစ်ခဲ့ပါက ဦးထင်ကျော်အနေဖြင့် တိုင်းပြည်ကို ဆက်လက်ထိန်းကျောင်းနိုင်စွမ်းရှိ၊ မရှိဆိုသည်ကို လေ့လာသုံးသပ်သူအများအပြားကမေးခွန်းထုတ်လျှက်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အနာဂါတ်ခေါင်းဆောင်လောင်းများ အတွက် ပြင်ဆင်ထားမှုမရှိသေးခြင်းကိုလည်း လေ့လာသုံးသပ်သူများက စိုးရိမ်ဖွယ်အခြေအနေတစ်ရပ်အဖြစ် ထောက်ပြပြောဆိုလျှက်ရှိသည်။

နောက်ထပ် ဒေါ်အောင်ဆန်းစုကြည်အတွက်စိုးရိမ်စရာတစ်ရပ်မှာ အစိုးရအဖွဲ့အတွင်း စစ်တပ်က အခိုင်အမာခြေကုပ်ရယူ ထားခြင်းပင်ဖြစ်သည်။ ပြည်ထဲရေး၊ နယ်စပ်ရေးရာ နှင့် ကာကွယ်ရေး ဟူသည့်အရေးပါလှသည့် နေရာ ၃ နေရာကို စစ်တပ်က ရယူထားပြီး ပြည်ထဲရေးဝန်ကြီးဌာနသည် ကာကွယ်ရေးဦးစီးချုပ်ကို အစီရင်ခံရမည်ဖြစ်သည်။

လက်ရှိအချိန်တွင် အရေးအပါဆုံးကိစ္စရပ်မှာ အစိုးရအဖွဲ့တစ်ရပ် ဖွဲ့စည်းရေးဖြစ်လျှက်ရှိသည်။ အစိုးရအဖွဲ့ဆိုရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့သာမက တိုင်းနှင့် ပြည်နယ် ၁၄ ခုအတွက် တိုင်းနှင့်ပြည်နယ်အလိုက် ဒေသတွင်းအစိုးရအဖွဲ့ များကိုလည်း ဖွဲ့စည်းရဦးမည်ဖြစ်သည်။

လက်ရှိအပြောင်းအလဲကာလတွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီဝင်များ၏ သတင်းအချက်အလက်များ နှင့်ပတ်သတ်ပြီး လျှို့ဝှက်ထားလိုမှုကြောင့်လည်း အသိခက်မှုများနှင့် ရှုပ်ထွေးမှုများ ရှိနေခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အကြောင်းစာအုပ်အသစ်တစ်အုပ်ရေးသားလျှက်ရှိသည့် ပီတာပေါ့ပ်ဟမ်းကမူ အပြောင်းအလဲ ကာလအတွင်း စိုးရိမ်စရာအကောင်းဆုံးအချက်မှာ ဒေါ်အောင်ဆန်းစုကြည်က တာဝန်နှင့်ဝတ္တရားများကို လွှဲပြောင်းပေးမှု နည်းပါးလျှက်ရှိနေပြီး အသေးစိတ်အထိလိုက်ပါစီမံခန့်ခွဲနေမှုဖြစ်ကြောင်း လွှတ်တော်အမတ်များကို အမှိုက်ကောက်ရန် ညွှန်ကြားခြင်းနှင့် သူမ၏ပါတီမှအမတ်များအပေါ် အသေးအဖွဲကိစ္စရပ်များတွင်ပါညွှန်ကြားချက်များ ထုတ်ခဲ့ခြင်းတို့ကို ဥပမာပြ၍ ထောက်ပြပြောဆိုထားသည်။

(Nikkie Asian Review ၏  Chief Editor ဖြစ်သူ Gwen Robison ရေးသားသည့် Myanmar's new era comes together, sort of ကို ဆီလျော်အောင် ထုတ်နှုတ်ဘာသာပြန်ဆိုပါသည်)

ဖြိုးမင်းသန့်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly