တရုတ်တွင် ကိုဗစ်-၁၉ ကူးစက်မှုအမြင့်ဆုံးကာလ၌ နေ့စဉ် ကူးစက်သူ ၇ သန်းကျော်နှင့် သေဆုံးသူ ၄၀ဝဝ ကျော်ရှိ 

တရုတ်တွင် ကိုဗစ်-၁၉ ကူးစက်မှုအမြင့်ဆုံးကာလ၌ နေ့စဉ် ကူးစက်သူ ၇ သန်းကျော်နှင့် သေဆုံးသူ ၄၀ဝဝ ကျော်ရှိ 

တရုတ်တွင် ဒီဇင်ဘာ ၂၂ ရက်ဝန်းကျင်က နေ့စဉ်ကိုဗစ်-၁၉ ကူးစက်ခံရသည့်အတည်ပြုလူနာမှာ တစ်ရက်လျှင် ၇ သန်း ကျော်ဖြင့် အများဆုံးတွေ့ရှိခဲ့ရပြီး ဇန်နဝါရီ ၄ ရက်တွင် သေဆုံးမှု ၄ ဝဝဝ ကျော်ဖြင့် အရေအတွက်အများဆုံးဖြစ်ခဲ့ကြောင်း တရုတ်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနမှ ဇန်နဝါရီ ၂၅ ရက်တွင် ပြောသည်။  

တရုတ်လူဦးရေ ၁ ဒသမ ၄ ဘီလီယံ၏ ၈၀ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရပြီး လာမည့် ၂ လ သို့မဟုတ် ၃ လအတွင်း တစ်ကျော့ပြန် ကိုဗစ်-၁၉ ကူးစက်မှုဖြစ်ပွားနိုင်ကြောင်း ထင်ရှားသော အစိုးရသိပ္ပံပညာရှင်တစ်ဦးက ပြောကြားပြီးနောက် တရုတ်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန၏ ဝက်ဘ်ဆိုက်တွင် ယင်းကိန်းဂဏန်းများကို ဖော်ပြလာခဲ့ခြင်းဖြစ်သည်။  

" ရောဂါကူးစက်ခံရသူအရေအတွက်နှင့် ဖျားနာသည့် ပြင်ပလူနာအရေအတွက်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်ဝန်းကျင်တွင် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး ရောဂါကူးစက်မှုအသစ်အရေအတွက်မှာ တစ်နေ့လျှင် ၇ သန်းကျော်ရှိကာ နေ့စဉ် ပြင်ပလူနာအရေအတွက်မှာ ၂ ဒသမ ၈၆၇ သန်းရှိသည်” ဟု ဆိုသည်။  

တရုတ်ဆေးခန်းများ၊ အရေးပေါ်ခန်းများတွင် စိုးရိမ်ရသည့် ကိုဗစ်-၁၉ လူနာများနှင့် ပြည့်နှက်နေသည့် ကာလကို ကျော်လွန်သွားပြီဖြစ်ကြောင်း နိုင်ငံတော်ကျန်းမာရေးကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။ 

တရုတ်တွင် တင်းကျပ်သော ကိုဗစ်-၁၉ မူဝါဒကို ရုတ်တရက်ရုပ်သိမ်းပြီးနောက် တစ်လခန့်အကြာ ဇန်နဝါရီ ၁၂ ရက်အထိ ဆေးရုံတွင် လူ ၆၀ ဝဝဝ နီးပါး သေဆုံးခဲ့ကြောင်း အစိုးရအချက်အလက်များက ဖော်ပြနေသည်။ 

သို့သော် နေအိမ်တွင် သေဆုံးသူများအား ထည့်မတွက်ထားသလို သေဆုံးရသည့်အကြောင်းရင်းကို ကိုဗစ်ကြောင့်သေဆုံးခြင်းဟု မဖော်ပြရန်  ဆရာဝန်များကို ဖိအားပေးထားခြင်းတို့ကြောင့် အဆိုပါကိန်းဂဏန်းများသည် အမှန်တကယ်အရေအတွက်အောက် များစွာ နည်းနိုင်သည်ဟု ကျွမ်းကျင်သူအချို့က ပြောကြားသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly