စစ်အုပ်ချုပ်ရေးကြေညာအပြီး ပဲခူးရိုးမထဲက စစ်ကောင်စီတိုက်ခိုက်ရေးမစ်ရှင်များ

By ရွှေနွယ်
04 February 2023
စစ်အုပ်ချုပ်ရေးကြေညာအပြီး ပဲခူးရိုးမထဲက စစ်ကောင်စီတိုက်ခိုက်ရေးမစ်ရှင်များ

မဇ္ဈိမ။ ။ပဲခူးတိုင်း မြို့နယ် ငါးခုကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ပဲခူးရိုးမနှင့်ထိစပ်ရာနေရာများတွင် စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေသည်။

စစ်ကောင်စီတပ်သည် ပဲခူးတိုင်းအတွင်း ထန်းတပင်၊ အုတ်ဖို၊ နတ်တလင်း၊ ပေါင်းတည်နှင့် ပေါက်ခေါင်းမြို့နယ်တို့အား ဖေဖော်ဝါရီ (၂) ရက်နေ့ ညတွင်  စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။ ထိုနေ့မှစ၍ စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက   သုံးရက်အတွင်း ငါးကြိမ်အထိတိုက်ခိုက်ခဲ့‌ကြောင်းသိရသည်။

ယမန်နေ့(ဖေဖော်ဝါရီလ၃ရက်နေ့ နေ့လယ်(၁)နာရီခန့်ကပဲခူးတိုင်း၊ သာယာဝတီခရိုင်၊နတ်တလင်းမြို့နှင့် ဇီးကုန်းမြို့ကြားတွင်  စစ်ကောင်စီတပ်၏ စစ်ကားနှစ်စီးကိုဒေသကာကွယ်ရေးတပ်များ  မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု Bago Region PDF ပြန်ကြားရေးတာဝန်ခံမှ မဇ္ဈိမကိုပြောသည်။

"သူတို့(စစ်ကောင်စီတပ်)က ရိုးမအခြေ တောင်ညိုဆည်မှာ အထိုင်ချပြီး PDF တွေရှိတယ်လို့ သတင်းရတဲ့နေရာတွေကို ထွက်ထွက်လာပြီး တိုက်ခိုက်ဖို့လုပ်နေတာပါ။အခုလည်း ဒီသဘောပါပဲ။တိုက်ခိုက်ခဲ့အချိန်မှာ စစ်ကားနားမှာ ပြည်သူ့ဆိုင်ကယ်တွေအသွားအလာရှိတဲ့အတွက် ရည်မှန်းချက်အတိုင်းတော့ မဆောင်ရွက်နိုင်ခဲ့ပါဘူး။ စစ်ကောင်စီတပ်ကားထိခိုက်မှုအခြေအနေကိုတော့ အသေးစိတ်သိရဖို့စုံစမ်းနေဆဲပါ" ၎င်းက ပြောသည်။

ထိုတိုက်ခိုက်မှုကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၂) Phoenix DF(Nattalin PDF) က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထို့အပြင်ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့  မြို့လယ်ခေါင်ရှိဗိုလ်ချုပ်ကြေးရုပ်အနီးမှ စစ်ကောင်စီတပ်ဖွဲ့ကိုလည်း နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ဖေဖော်ဝါရီ(၃)ရက်နေ့ည(၈)နာရီ(၄၅)မိနစ်ခန့်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု Bago Region PDF မှ ထုတ်ပြန်ထားသည်။ ပြည်ခရိုင် PDFတပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၅ (နွေဦးအဖွဲ့)ကတိုက်ခိုက်ခဲ့ခြင်းဟုသိရသည်။

ဖေဖော်ဝါရီလ (၂)ရက်ကလည်း ထန်းတပင်မြို့နယ်မှ ပျုစောထီးခေါင်းဆောင် ခြံတစ်ရာမြင့်သိန်းကို မြို့နယ်ပကဖ(ဖီးနစ်အဖွဲ့)က သွားရောက် ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့သည်ဟုBago Region PDF ကသတင်းထုတ်ပြန်ထားသည်။စစ်ကောင်စီတပ်ဖွဲ့နှင့်ပျုစောထီးများရှိနေသည့် ညောင်လေးပင်မြို့နယ် တော်ဝိကျေးရွာဘူတာရုံကင်းစခန်းကိုလည်း ညောင်လေးပင်ပကဖက ဖေဖော်ဝါရီလ (၂)ရက်ညတွင် သွားရောက်တိုက်ခိုက်ခဲ့သည်ဟုသိရသည်။ယနေ့(ဖေဖော်ဝါရီလ ၁ရက်) တိုက်ခိုက်မှုမှာ ပေါင်းတည်မြို့နယ် သိမ်ကုန်းကျေးရွာမှ ပျူစောထီးခေါင်းဆောင်ကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် သဲကုန်းမြို့နယ် ပကဖ မြို့ပြပျောက်ကြားအဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း Bago Region PDF
သတင်းထုတ်ပြန်ထားသည်။

အထက်ပါပစ်ခတ်တိုက်ခိုက်ခဲ့မှုများအတွက် စစ်ကောင်စီဘက်ကထိခိုက်မှုများကို မကြာမီသီးခြားသတင်းထုတ်ပြန်မည်ဟု  Bago Region PDF
ပြန်ကြားရေးတာဝန်ခံကပြောသည်။

စစ်ကောင်စီတပ်များသည် ပဲခူးရိုးမအခြေ တောင်ညိုဆည်တွင် တပ်စွဲပြီး ရိုးမအတွင်းသို့ စစ်ကြောင်းထိုးနိုင်ရန် ကြိုးပမ်းနေသည်ဟု ဆိုသည်။

ရိုးမတောင်ခြေရှိ အုတ်ဖိုမြို့အပိုင် ရွာအချို့တွင် စစ်ကောင်စီတပ် မွှေနှောက်သောင်းကျန်းနေသောကြောင့် ဒေသခံအများအပြားသည် လွန်ခဲ့သည့်နှစ်လခန့်မှ စတင်ကာ ရွာတွင်ဆက်လက်နေထိုင်နိုင်ခြင်းမရှိပဲ တိမ်းရှောင်နေကြရသည်ဟု ဒေသခံများကပြောသည်။

"အဓိကကတော့ စစ်အုပ်ချုပ်ရေးကြေညာလိုက်တယ်ဆိုတာလည်း သူတို့ ရိုးမထဲကိုစစ်ကြောင်းထိုးနိုင်ဖို့ ပြင်ဆင်နေတာကြောင့်ပါ" ဟုBago Region PDF ပြန်ကြားရေးတာဝန်ခံမှ ရှင်းပြသည်။

ပဲခူးရိုးမသည် ပဲခူးတိုင်း၏အလယ်ဗဟိုတွင်ရှိသော တောတောင်အလွန်ထူထပ်သည့် ရိုးမဖြစ်သည်။၁၉၄၈ခုနှစ်မှ ၁၉၇၅ခုနှစ်အထိ ပြည်တွင်းလက်နက်ကိုင်တော်လှန်ရေး၏ အထင်ကရ နေရာလည်းဖြစ်သည်။

ပဲခူးတိုင်းစစ်ဒေသခွဲလက်အောက်တွင် တောင်ငူခရိုင်၊ ပြည်ခရိုင်၊ ပဲခူးခရိုင်၊ သာယာဝတီခရိုင်ဟူ၍ ခရိုင် ၄ ခု ဖွဲ့စည်း လှုပ်ရှားနေသည်။တောင်ငူခရိုင်တွင် PDF တပ်ရင်း ၃၅၀၁/၃၅၀၂ တပ်ရင်း ၂ ရင်း၊ ပြည်ခရိုင်တွင် PDF တပ်ရင်း ၃၆၀၁/၃၆၀၂ တပ်ရင်း ၂ ရင်း၊ ပဲခူးခရိုင်တွင် PDF တပ်ရင်း ၃၇၀၁/၃၇၀၂ တပ်ရင်း ၂ ရင်း ၊ သာယာဝတီခရိုင်တွင် PDF တပ်ရင်း ၃၈၀၁/၃၈၀၂ တပ်ရင်း စုစုပေါင်း တပ်ရင်း ၈ ရင်း ဖွဲ့စည်းလှုပ်ရှားနေသည်ဟု သိရသည်။

"စစ်ရေးအရှိန်ဆိုတာက အချိန်ကာလပေါ်မှာမူတည်တယ်ဗျ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစစ်ရေးအရှိန်နဲ့ အခုစစ်ရေးအရှိန်နဲ့ကမတူဘူးဗျ။ အဲ့လိုပါပဲ။ ကျွန်တော်တို့စတင်လက်နက်ကိုင်ခဲ့ကြတုန်းကစစ်ရေးအရှိန်နဲ့ အခုစစ်ရေးအရှိန်နဲ့ကလည်း ဘယ်နည်းနဲ့မှ တူမှာမဟုတ်ဘူးဗျ။ ထို့အတူ အားကြိုးမာန်တက်ချီတက်ရတော့မယ်ဆိုတဲ့အချိန်မှာရှိလာမယ့် စစ်ရေးအရှိန်နဲ့ ဒီကနေ့အချိန်နဲ့ကလည်း တူမှာမဟုတ်တော့ဘူး"ဟု ပဲခူးစစ်ဒေသခွဲပြန်ကြားရေးတာဝန်ခံက ဆိုသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required