ပေါင်မြို့နယ်ကြံ့ခိုင်ရေးပါတီအမတ်လောင်း အသတ်ခံရပြီးနောက် ဒေသခံသက်ကြီးအမျိုးသားသုံးဦးကို စစ်ကောင်စီဖမ်းဆီးစစ်ဆေး

ပေါင်မြို့နယ်ကြံ့ခိုင်ရေးပါတီအမတ်လောင်း အသတ်ခံရပြီးနောက် ဒေသခံသက်ကြီးအမျိုးသားသုံးဦးကို စစ်ကောင်စီဖမ်းဆီးစစ်ဆေး

မဇ္ဈိမ ။ ။ မွန်ပြည်နယ်၊ပေါင်မြို့မှ ကြံ့ခိုင်ရေးပါတီအမတ်‌လောင်း ဖေဖော်ဝါရီလ (၁)ရက်က အသတ်ခံရပြီးနောက် ၎င်းနှင့်တစ်ရပ်ကွက်ထဲနေ သက်ကြီးအမျိုးသားသုံးဦးကိုစစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ကြောင်း သိရသည်။

ပေါင်မြို့၊ ပေါင်းရပ်ကွက်၊ ဘူတာပိုင်းတွင်နေထိုင်သော  ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ-USDP အမတ်လောင်း ဦးကိုကိုလေးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၁)ရက် ညနေက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

ဦးကိုကိုလေးအားနန်းထိုက်အောင်စစ်ဆင်ရေးအဖြစ်  လုပ်ကြံခဲ့သည်ဟု  အထူးစစ်ဆင်ရေးတပ်ဖွဲ့ -SOF တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး​က ဖေဖော်ဝါရီလ(၁)ရက်ညတွင် ထုတ်ပြန်ထားသည်။

သို့သော် စစ်ကောင်စီက ဦးကိုကိုလေးနှင့်တစ်ရပ်ကွက်တည်းနေသူ အသက် ၆၀နှင့် ၇၀ နှစ်ကြားအမျိုးသားသုံးဦးကို အကြောင်းရင်းသေချာမသိရဘဲ ဖေဖော်ဝါရီလ(၂)ရက်တွင် ဖမ်းဆီးသွားသည်ဟု ဒေသခံတစ်ဦးက မဇ္ဈိမသို့ပြောသည်။

" စစ်ဆေးစရာရှိလို့ ခဏခေါ်သွားမယ်လို့ပြောပြီး ခေါ်သွားတာ" ဟု ဖမ်းဆီးခံရသူများနှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဖမ်းဆီးခံရသည့်အမျိုးသားသုံးဦးအနက် နှစ်ဦးကို စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီလ ၄ ရက်)နံနက်တွင် ပြန်လွှတ်ပေးခဲ့ပြီး တစ်ဦးကို ပေါင်မြို့နယ်ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားဆဲဟုသိရသည်။

ဦးကိုကိုလေးသည် USDP ကိုယ်စားလှယ်အနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပေါင်မြို့နယ်မဲဆန္ဒနယ် (၂) ၌ ဝင်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူဖြစ်သည်။

စစ်ကောင်စီက ပြုလုပ်ရန် ကြိုးစားနေသည့် ရွေးကောက်ပွဲ၌လည်း ဝင်ပြိုင်ရန် စီစဉ်ထားသူဖြစ်ကြောင်း ဒေသခံများကပြောသည်။

ဦးကိုကိုလေးသည် အကြမ်းဖက်စစ်တပ်၏အာဏာသိမ်းလုပ်ငန်းစဥ်တစ်လျှောက် ပြည်သူနှင့်လူငယ်များအား မတရားဖမ်းဆီးစေခြင်း၊ ငွေကြေးတောင်းခံခြင်းများအပြင် မြို့နယ်တွင်းရှိ အကြမ်းဖက်ပျူအဖွဲ့ဝင်များအား ငွေကြေးထောက်ပံ့၍ PDF နှင့်မိသားစုဝင်များအား ဖမ်းဆီးသတ်ဖြတ်သည်အထိ ဦးဆောင်နေသူဖြစ်‌ကြောင်း၊ အာဏာသိမ်းစစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲအတွက်လည်း ဦးဆောင်ကြိုးပမ်းနေသူဖြစ်ပြီး ဖေဖော်ဝါရီလ(၁)ရက်က အသံတိတ်သပိတ်တွင်ပါဝင်သူများကိုပါ ဖမ်းဆီးနေကြောင်းသိရသည့်အတွက် နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်မှတ်ထားစီရင်လိုက်ရခြင်းဖြစ်ကြောင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F သတင်းထုတ်ပြန်ထားသည်။၎င်းအား အထူးစစ်ဆင်ရေးတပ်ဖွဲ့ -SOFက သေနတ်ဖြင့် ဆယ်ချက်တိတိပစ်ခတ်၍ လုပ်ကြံလိုက်ခြင်းဖြစ်ကြောင်းသိရသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly