ပုသိမ်ကြီးမြို့နယ်၌ တပ်သိမ်းမြေပေါ်တွင် တောင်သူများ သတင်းစာရှင်းလင်းပွဲပြုလုပ်

ပုသိမ်ကြီးမြို့နယ်၌ တပ်သိမ်းမြေပေါ်တွင် တောင်သူများ သတင်းစာရှင်းလင်းပွဲပြုလုပ်
ဓာတ်ပုံ- ဘိုဘို

မန္တလေး၊မတ် ၁၅ ။        ။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊မဲကင်းကုန်းကျေးရွာတွင်  အမှတ်(၉၁၀)စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ သိမ်းဆည်းထားသည့် လယ်မြေပေါ်တွင် ယနေ့ နံနက် ၁၀နာရီတွင် တောင်သူများက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ယင်းလယ်မြေကို ၁၉၉၃ခုနှစ်တွင် တပ်ရိက္ခာဖူလုံရေးအတွက် ဧက ၂၇၇.၅၃ အား နစ်နာကြေးမပေးဘဲသိမ်းယူထားခဲ့ခြင်းဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် တောင်သူ ဦးလှထွန်းကဆိုသည်။

မည်သည့်သီးနှံမှစိုက်ပျိုးခဲ့ခြင်းမရှိသောကြောင့် ဒေသခံများက ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာအဆင့်ဆင့်ကို ၂၀၁၄ခုနှစ်မှစတင်၍ စာတင်တောင်းဆိုမှုများပြုထားရာ ၂၀၁၆ခုနှစ်၊ဖေဖော်ဝါရီ ပထမအပတ်မှစတင်ကာ စက်ယန္တရားများဖြင့်ဝင်ရောက်၍ မြေများတူးဖော်နေသည်ကိုတွေ့ရသည်။

ယင်းမြေများတူးဖော်နေသည်လုပ်ငန်းများ  ဆက်လက်မပြုလုပ်ရန် ဒေသခံများက တားမြစ်သော်လည်း ဆက်လက်တူးဖော်နေခြင်းကြောင့် ယနေ့တွင် ဒေသခံများက တူးဖော်နေသည့်နေရာတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်းဖြစ်သည်။

"တားတာကို ဆက်လုပ်နေတယ်။ဒီနားတားရင် ဟိုနားသွားလုပ်တယ်။ဒါကြောင့် သူတို့လုပ်နေတဲ့နေရာထဲဝင်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်တာပဲ။"ဟု လယ် ၅ ဧက သိမ်းယူခံထားရသူ ဦးလှထွန်းကပြောသည်။

လယ်မြေ ၃ ဧကခွဲအသိမ်းခံခဲ့ရသည့် အသက် ၇၂ အရွယ် ဒေါ်နီက"အမေကြီးတို့လယ်ယာမြေလေးကိုပဲပြန်လိုချင်ပါတယ်။အခုအမေကြီး အတော်ဒုက္ခရောက်နေတယ်။မြေပြန်မပေးတော့ဘူးဆိုလည်း ကာလပေါက်ဈေးနဲ့လျှော်ပေးစေချင်တယ်။။"ဟုပြောသည်။

အဆိုပါတူးဖော်နေခြင်းကိုရပ်တန့်ပေးရန်နှင့်လယ်မြေများပြန်ပေးအပ်ရန်အတွက် မတ် ၁၃ ရက်တွင် သိမ်ဆည်းခံထားရသည့် မူလလယ်ပိုင်ရှင် ၂၀၀ ကျော်က လက်မှတ်များထိုး၍ ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာအဆင့်ဆင့်ကို တင်ပြထားသည်ဟု သတင်းစာရှင်းလင်းပွဲပြုလုပ်သူများကဆိုသည်။

သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တစ်ပတ်အတွင်း ညှိုနှိုင်းဆောင်ရွက်ပေးခြင်းများလုပ်ဆောင်မပေးပါက ဥပဒေဘောင်အတွင်းမှနေ၍ သိမ်းဆည်းလယ်ယာမြေများပြန်လည်ရရှိအောင် ဆက်လက်လုပ်ဆောင်သွားမည်ဟု ဒေသခံများက သတင်းစာရှင်းလင်ပွဲတွင်ပြောသည်။

သတင်းစာရှင်းလင်းပွဲအပြီးတွင် လာရောက်သတင်းယူသူများကို အမှတ်(၉၁၀)စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ လာရောက်တားမြစ်ကာ ဖုန်းနှင့် ကင်မရာများသိမ်းယူခဲ့ပြီး ရိုက်ကူခဲ့သည့် ဓာတ်ပုံ၊ ဗီဒီယို ဖိုင်များ ဖျက်ပြီးမှ ပြန်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly