တရုတ်စီးပွားရေးနှေးကွေးမှုကြောင့် ကမ္ဘာတစ်ဝန်း ဂယက်ရိုက်မှုများ ဖြစ်ပေါ်နိုင်

By ANI 
03 February 2023
တရုတ်စီးပွားရေးနှေးကွေးမှုကြောင့် ကမ္ဘာတစ်ဝန်း ဂယက်ရိုက်မှုများ ဖြစ်ပေါ်နိုင်

တရုတ်နိုင်ငံ၏ နှစ်စဉ် ဂျီဒီပီတိုးတက်မှုနှုန်းသည် ၂၀၂၂ ခုနှစ်တွင် တရားဝင်မျှော်မှန်းခဲ့သည့် ၅ ဒသမ ၅ ရာခိုင်နှုန်းအောက် များစွာလျော့နည်းကာ ၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း နိုင်ငံတော်စာရင်းအင်းဗျူရို (NBS) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး နိုင်ငံ၏ စီးပွားရေးနှေးကွေးမှုသည် ကမ္ဘာတစ်ဝန်းတွင် ဂယက်ရိုက်မှုများ ဖြစ်ပေါ်စေနိုင်သည်ဟု Financial Post သတင်းတွင် ရေးသားထားသည်။

တရုတ်ဒုတိယဝန်ကြီးချုပ် လျူဟွတ်က ဒါဗို့စ်တွင် ပြုလုပ်သည့် ၂၀၂၃ ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် မိန့်ခွန်းပြောစဉ် တရုတ်နိုင်ငံနှင့် ကမ္ဘာ့စီးပွားရေး ရင်ဆိုင်နေရသည့် စိုးရိမ်ပူပန်မှုများနှင့် စိန်ခေါ်မှုများအကြောင်း ရှင်းရှင်းလင်းလင်း တင်ပြခဲ့သည်။

“လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ ကြုံခဲ့ရပြီး ကမ္ဘာ့နိုင်ငံရေးနဲ့ စီးပွားရေး အခင်းအကျင်းမှာ လေးနက်တဲ့ အပြောင်းအလဲတွေကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ‘အစိတ်စိတ်ကွဲနေသောကမ္ဘာတွင် ပူးပေါင်းဆောင်ရွက်ခြင်း’ ဆိုတဲ့ ဒီနှစ် နှစ်ပတ်လည် အစည်းအဝေးရဲ့ ဆောင်ပုဒ် ဟာ အရမ်းကို ဆီလျော်ပါတယ်” ဟု ပြောကြားခဲ့သည်။

"ကိုဗစ်-၁၉ ကပ်ရောဂါသည် တရုတ်နိုင်ငံ၏ တိုးတက်မှုကို ထိခိုက်စေခဲ့သည်။ တရုတ်နိုင်ငံ၏ ဂျီဒီပီ တိုးတက်မှုသည် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ထုတ်ပြန်ခဲ့သည့် ခန့်မှန်းချက်များအောက် အနည်းငယ်လျော့နည်းခဲ့သည်။ ယွမ်ငွေနှင့်လဲလှယ်ရာတွင် ဒေါ်လာစျေး သိသိသာသာ မြင့်တက်လာသည့်အတွက် ၂၀၂၁ ခုနှစ်တွင် ဂျီဒီပီတိုးတက်မှုနှုန်း ၄ ဒသမ ၄ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၁၈ ထရီလီယံ) ဝန်းကျင်ရှိမည်ဟု IMF က ခန့်မှန်းခဲ့သည်။ ယင်းတိုးတက်မှုနှုန်းသည် ၁၉၇၄ ခုနှစ်က  ဂျီဒီပီ တိုးတက်မှုနှုန်း ၂ ဒသမ ၃ ရာခိုင်နှုန်း နောက်ပိုင်း တရုတ်စီးပွားရေးအတွက် အနှေးကွေးဆုံး တိုးတက်မှုဖြစ်သည်” ဟု Financial Post တွင် ဖော်ပြထားသည်။

ဆိုးလ်နိုင်ငံတော်တက္ကသိုလ်မှ အနာဂတ်မဟာဗျူဟာကျောင်း အကြီးအကဲဖြစ်သူ စီးပွားရေး ပါမောက္ခ ကင်ဗြောင်ယွန်းက "တရုတ်စီးပွားရေးသည် ဝင်ငွေအလယ်အလတ်ရှိ နိုင်ငံထောင်ချောက်ထဲသို့ ရောက်ရှိနေသည်" ဟု ဆိုသည်။

ရေရှည်တိုးတက်မှုနှုန်းကို အဆုံးအဖြတ်ပေးသည့် ကုန်ထုတ်စွမ်းအားသည် တရုတ်နိုင်ငံတွင် သိသိသာသာ ကျဆင်းသွားခဲ့သည်ဟု ကင်က ပြောကြားခဲ့သည်။
တရုတ်၏ဂျီဒီပီသည် အကြောင်းရင်းများစွာကြောင့် ၂၀၂၂ ခုနှစ်တွင် သိသိသာသာ ကျဆင်းခဲ့ပြီး အဓိကအားဖြင့်  ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒအရ တရုတ်နိုင်ငံကို ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ 

နိုင်ငံတော်စာရင်းအင်းဗျူရို (NBS) အချက်အလက်များအရ ထွက်ပေါ်လာသည့် စိုးရိမ်ဖွယ်ကောင်းဆုံးအချက်မှာ ကမ္ဘာတွင် ကုန်ထုတ်လုပ်ရေးဗဟိုချက် ဟုခေါ်သော တရုတ်နိုင်ငံသည် စက်မှုကုန်ထုတ်လုပ်မှုတွင် ၂၀၂၂ ခုနှစ်က ယမန်နှစ်ကထက် ၃ ဒသမ ၆ ရာခိုင်နှုန်းလျော့နည်းလာပြီး ဒီဇင်ဘာလတွင် ထို့ထက်လျော့နည်းကာ ၁ ဒသမ ၃ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

နိုင်ငံစာရင်းအင်းဗျူရို၏ နိုဝင်ဘာ ၂၂ ရက် အချက်အလက်များအရ အဓိကစက်မှုကဏ္ဍ ၄၁ ခုအနက် ၂၁ ခုတွင် အမြတ်အစွန်းများ ကျဆင်းခဲ့ပြီး သံ၊သတ္တုအရည်ကျိုစက်မှုလုပ်ငန်းသည် ပထမ ၁၀ လအတွင်း ၉၂ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းကာ နိုဝင်ဘာတွင်  ၉၄ ဒသမ ၅ ရာခိုင်နှုန်းအထိ အဆိုးရွားဆုံးကျဆင်းခဲ့သည်။ 

စက်မှုလုပ်ငန်းများ နှေးကွေးရခြင်း၏ နောက်ထပ်အကြောင်းအရင်းတစ်ခုမှာ တရုတ်ကုမ္ပဏီများ အထူးသဖြင့် အချက်အလက်လုံခြုံရေးကို ချိုးဖောက်ကာ မူပိုင်ခွင့်များ ခိုးယူသည်ဟု စွပ်စွဲခံရသော တရုတ်နည်းပညာကုမ္ပဏီများကို အမေရိကန်နိုင်ငံ အပါအဝင် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကြောင့်ဖြစ်သည်။ 

အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (အက်ဖ်ဘီအိုင်)  ဒါရိုက်တာ ခရစ္စတိုဖာရေးက တရုတ်အစိုးရ၏ ဉာဏ်ရည်တုအစီအစဉ်ကို လွန်စွာစိုးရိမ်ကြောင်းနှင့် ၎င်းအစီအစဉ်များသည် တရားဥပဒေဖြင့် ထိန်းချူပ်ကန့်သတ်ထားခြင်းလည်း မရှိကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) တွင် ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly