အာဖဂန်ကျောင်းသူများကို တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် တာလီဘန် ပိတ်ပင်

By ANI 
03 February 2023
အာဖဂန်ကျောင်းသူများကို တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် တာလီဘန် ပိတ်ပင်

အာဖဂန်နစ္စတန်၌ လာမည့်လတွင် ကျင်းပမည့်  တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများတွင် ကျောင်းသူများဝင်ရောက်ဖြေဆိုခွင့်ကို တာလီဘန်များက ပိတ်ပင်လိုက်ကြောင်း အာဖဂန်သတင်းဌာန TOLOnews သတင်းတွင် ဖော်ပြထားသည်။

တာလီဘန် အဆင့်မြင့်ပညာရေးဝန်ကြီးဌာနက နောက်ထပ်ကြေညာချက် မထုတ်ပြန်မချင်း မိန်းကလေးများအနေဖြင့် စာမေးပွဲဖြေဆိုရန် လျှောက်ထားခွင့်မရှိကြောင်း ဖော်ပြထားသည့် ညွှန်ကြားချက်ကို တက္ကသိုလ်များထံ ပေးပို့ထားသည်။ အမှန်တကယ်တွင် တာလီဘန်များသည် ၁၄၀၂ (နေနှစ်) တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် မိန်းကလေးများ စာရင်းသွင်းခြင်းမပြုရန် တားမြစ်လိုက်လိုက်ဟန်ရှိသည်။

အစိုးရမဟုတ်သော အဖွဲ့အစည်းများတွင် အမျိုးသမီးများ အလုပ်လုပ်ခွင့်ကို ပိတ်ပင်သည့်အမိန့်ကို တာလီဘန် အိမ်စောင့်အစိုးရက ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ စာမေးပွဲဖြေဆိုခွင့်အားတားမြစ်သည့် အမိန့် ထုတ်ပြန်လာခြင်းဖြစ်ကြောင်း TOLOnews သတင်းက ဖော်ပြခဲ့သည်။

တာလီဘန်တို့က အာဖဂန်မိန်းကလေးငယ်များ တက္ကသိုလ်ပညာသင်ယူခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်ပင်ရန် အမိန့်ထုတ်ပြီးနောက် အရေးပေါ်အခြေအနေများနှင့် ရေရှည်ပဋိက္ခများတွင် ပညာရေးအတွက် ဒေါ်လာဘီလီယံနှင့်ချီ ရန်ပုံငွေထူထောင်ထားသည့် ကုလသမဂ္ဂလက်အောက်ရှိ အဖွဲ့အစည်းတစ်ခုဖြစ်သော  Education Cannot Wait (ECW) အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းအများအပြားက ကဘူးလ်ရှိ တာလီဘန်အာဏာပိုင်များအား အာဖဂန်အမျိုးသမီးများအပေါ် တက္ကသိုလ်ပညာသင်ယူခွင့်ကို ရပ်ဆိုင်းသည့် ဆုံးဖြတ်ချက်ကို ရုပ်သိမ်းရန် တောင်းဆိုခဲ့ကြသည်။ 

အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကလည်း ယခုလအစောပိုင်းတွင် အာဖဂန် အိမ်စောင့်အစိုးရနှင့်တွေ့ဆုံခဲ့ပြီး အမျိုးသမီးများ ပညာသင်ကြားခွင့်နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများတွင် အလုပ်လုပ်ခွင့်ကို တားမြစ်သည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အလုပ်လုပ်ခွင့်နှင့် ပညာသင်ကြားခွင့် ပိတ်ပင်ခြင်းသည် အစ္စလာမ်ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အပါအဝင် အစ္စလာမ်နိုင်ငံများနှင့် အဖွဲ့အစည်းအများအပြားက ရှုတ်ချထားသည်။

တာလီဘန်အာဏာပိုင်များသည် ၂၀၂၁  ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့ကတည်းက မိန်းကလေးငယ်များကို အလယ်တန်းကျောင်းတက်ခွင့် ပိတ်ပင်ထားပြီး အမျိုးသမီးများနှင့် မိန်းကလေးများ၏ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ကို ကန့်သတ်ထားသည်။

လုပ်ငန်းခွင်အများစုမှ အမျိုးသမီးများကို ဖယ်ထုတ်ထားပြီး ပန်းခြံများ၊ အားကစားလေ့ကျင့်ရေးခန်းမများနှင့် အများပြည်သူသုံး ရေချိုးခန်းများအား အမျိုးသမီးများ အသုံးပြုခြင်းကို ပိတ်ပင်ထားသည်။ ထိုကန့်သတ်ချက်များကြောင့် အာဖဂန်အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို နေအိမ်အတွင်း ချုပ်နှောင်ထားသည့်အခြေအနေသို့ ဖြစ်စေခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly