TikTok ကို တစ်နိုင်ငံလုံးတွင် ပိတ်ပင်ရန် အမေရိကန်လွှတ်တော်အမတ် ကြိုးပမ်း

By Reuters
03 February 2023
TikTok ကို တစ်နိုင်ငံလုံးတွင် ပိတ်ပင်ရန် အမေရိကန်လွှတ်တော်အမတ် ကြိုးပမ်း

ရီပတ်ဘလင်ကန်ပါတီဝင်နှင့်တရုတ်မလိုလားသူ အမေရိကန်အထက်လွှတ်တော်အမတ် ဂျော့ရှ်ဟော်လေက ဗီဒီယိုအတို အက်ပလီးကေးရှင်း TikTok ကို အမေရိကန်တစ်နိုင်ငံလုံးတွင် တားမြစ်သည့် ဥပဒေကြမ်းကို ပြဋ္ဌာန်းသွားမည်ဟု  ဇန်နဝါရီ ၂၄ ရက်က  ပြောကြားလိုက်သည်။ 

တရုတ်ကုမ္ပဏီ ByteDance က ပိုင်ဆိုင်သည့် TikTok ကို အမေရိကန်အစိုးရပိုင်စက်ပစ္စည်းများတွင် အသုံးပြုခြင်း သို့မဟုတ် ထည့်သွင်းခြင်းမပြုလုပ်ရန် အစိုးရဝန်ထမ်းများကို တားမြစ်ထားသည်။

"TikTok က အမေရိကန်တွေရဲ့ ဘဝတွေကို စောင့်ကြည့်နေတဲ့ တရုတ်နောက်ဖေးပေါက်ပါ။ ဒါက ကလေးတွေရဲ့ ကိုယ်ရေးကိုယ်တာအပြင် သူတို့ရဲ့ စိတ်ကျန်းမာရေးကိုပါ ခြိမ်းခြောက်နေပါတယ်။ TikTok ကို တနိုင်ငံလုံး အတိုင်းအတာနဲ့ တားမြစ်တဲ့ ဥပဒေထွက်ပေါ်လာဖို့ ကျွန်တော် အဆိုပြုပါတော့မယ်” ဟု ဟော်လေက တွစ်တာတွင် ရေးသားခဲ့သည်။ 

ဥပဒေကြမ်းကို မည်သည့်အချိန်တွင် အဆိုပြုမည်ကိုမူ ဟော်လေက မပြောကြားခဲ့ပေ။
TikTok က ဟော်လေ၏ လုပ်ဆောင်ချက်မှားယွင်းနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အထက်လွှတ်တော်အမတ် ဟော်လေ၏ TikTok ကို ပိတ်ပင်ရန် တောင်းဆိုမှုသည် နိုင်ငံတော် လုံခြုံရေးမှသည် အချက်အလက်လုံခြုံရေး၊ ကိုယ်ရေးကိုယ်တာနှင့် အွန်လိုင်းအန္တရာယ်များကဲ့သို့သော ကျယ်ပြန့်သော နယ်ပယ်များအထိ တဖြည်းဖြည်းချင်း ချဉ်းကပ်မှုဖြစ်ကြောင်း TikTok ၏ ပြောရေးဆိုခွင့်ရှိသူ အိုဘာဝက်တာက ပြောကြားခဲ့သည်။

" ဝန်ဆောင်မှုတစ်ခုတည်းကို တားမြစ်ပိတ်ပင်ခြင်းသည် ၎င်းစိုးရိမ်နေသည့်ပြဿနာများကို ဖြေရှင်းပေးလိမ့်မည် သို့မဟုတ် အမေရိကန်များကို ပိုမိုဘေးကင်းစေမည်ဟု ယုံကြည်နေခြင်းထက် ဟော်လေက ယင်းပြဿနာများကို လုံးလုံးလျား လျားဖြေရှင်းရေးအတွက် သူ့အစွမ်းကို အသုံးပြုမည်ဟု မိမိတို့ မျှော်လင့်ထားသည်။" အိုဘာဝက်တာက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags