၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွင်း တရုတ်-မြန်မာကုန်သွယ်မှု ဒေါ်လာ သန်း ၂,၀၀၀ ကျော်ရှိ

By မေဘယ်လ်သူ 
02 February 2023
၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွင်း တရုတ်-မြန်မာကုန်သွယ်မှု ဒေါ်လာ သန်း ၂,၀၀၀ ကျော်ရှိ

(မဇ္ဈိမ)။     ။၂၀၂၂ -၂၃ ဘဏ္ဍာနှစ် ကိုးလတာအတွင်း တရုတ်-မြန်မာကုန်သွယ်ရေးတွင် ကုန်သွယ်မှု တန်ဖိုး ဒေါ်လာ သန်း ၂,၀၀၀ ကျော်ရှိကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ကုန်သွယ်မှုတန်ဖိုးမှာ  ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ လဝက်အထိ ရရှိခဲ့ သည့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၁၅၉.၄၁၂ သန်းဖြစ်ပြီး၊ ပို့ကုန်အနေဖြင့် ဒေါ်လာ ၁၈၀၁.၅၀၁ သန်း၊ သွင်းကုန်အနေဖြင့် ဒေါ်လာ ၃၅၇.၉၁၁ သန်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တရုတ်-မြန်မာ ကုန်သွယ်မှုလုပ်ငန်းများကို မူဆယ် ၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ ၊ ကျိုင်းတုံစသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှတဆင့်ဆောင်ရွက်နေပြီး မူဆယ်နယ်စပ်ကုန်သွယ်ရေး မှ ဒေါ်လာ ၁၇၆၂.၀၅၁ သန်း၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဒေါ်လာ ၁၀၅.၇၃၅ သန်း၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ဒေါ်လာ ၂၁၅.၆၀၃ သန်း ၊ ကန်ပိုက်တီစခန်းမှ ဒေါ်လာ ၆၆.၄၁၆ သန်းနှင့် ကျိုင်းတုံ ကုန်သွယ်ရေးစခန်းမှ ဒေါ်လာ ၉.၆၀၇ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန၏ အချက်အလက်များအရ သိရသည်။ 

တရုတ်-မြန်မာကုန်သွယ်မှုကဏ္ဍတွင် ပို့ကုန်အနေဖြင့် ဆန်၊ ဆန်ကွဲ ၊ ပြောင်း ၊ ပဲ၊ ဖရဲ ၊ သွား၊ ရေထွက်ကုန် ပစ္စည်းများ၊ ကြက်သွန်၊ ရာဘာ စသည်တို့တင်ပို့နေပြီး သွင်းကုန်အနေဖြင့် လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ တင်သွင်းလျက်ရှိကြောင်းသိရသည်။ 

ထို့ပြင် ၂၀၂၂-၂၃ ခုနှစ် ဧပြီလမှဒီဇင်ဘာလအထိကိုးလအတွင်း တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၉၅ သန်းကျော်သာရှိကာ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုအများဆုံးစာရင်းတွင် တတိယနေရာ၌ ရှိသော် လည်း ဒေါ်လာသန်း ၁၀၀ ပင်မပြည့်ကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required