အကြမ်းဖက်စစ်ကောင်စီကို ဥပဒေအရ အရေးယူနိုင်ရန် ဆက်လက်လုပ်ဆောင်မည်ဟု NUGဆို

By မိုးသောက်
02 February 2023
အကြမ်းဖက်စစ်ကောင်စီကို ဥပဒေအရ အရေးယူနိုင်ရန် ဆက်လက်လုပ်ဆောင်မည်ဟု NUGဆို

မဲဆောက်(မဇ္ဈိမ)။ ။ပြည်သူလုထုမှ အာဏာအပ်နှင်းထားသည့် အရပ်သားအစိုးကို လက်နက်အားကိုးဖြင့် အာဏာဖီဆန်ခဲ့သည့် စစ်ကောင်စီကို ဥပဒေအရအရေးယူနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မဇ္ဈိမသို့ပြောသည်။

“ကျွန်တော်တို့အနေနဲ့တော့ အကြမ်းဖက်စစ်ကောင်စီ လက်ရှိလှမ်းနေတဲ့ ခြေလှမ်းတိုင်းဟာ ပြည်သူ့အာဏာကို ဖီဆန်မှုမြောက်တဲ့ ဥပဒေချိုးဖောက်မှုတွေမျှသာ ဖြစ်ပါတယ်။ ဥပဒေအရ အရေးယူနိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာပါ။” ဟုဆိုသည်။

အာဏာသိမ်းစစ်ကောင်စီသည် အာဏာသိမ်းမှု နှစ်နှစ်မြောက်သည့် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် နိုင်ငံတော်သည် သာမန်မဟုတ်သော အခြေအနေတွင်ရှိသည်ဟုဆိုကာ စစ်တပ်ကရေးဆွဲထားသည့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅အရ နောက်ထပ်သက်တမ်း ခြောက်လ ထပ်မံတိုးမြှင့်ရလိုက်ကြောင်း ကြေညာခဲ့သည်။

စစ်ကောင်စီက ဖွဲ့စည်းထားသည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ‌ရေးကောင်စီအစည်းအဝေးကို ယာယီသမ္မတဦးမြင့်ဆွေက ဦးဆောင်ကျင်းပခဲ့ပြီး NUG၊ CRPHနှင့်PDFစသည့် တော်လှန်ရေးအဖွဲ့များ၏ လုပ်ရပ်များကြောင့် နိုင်ငံတော်သည် သာမန်အခြေအနေမဟုတ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

စင်စစ်အားဖြင့်စစ်တပ်သည် လက်နက်အားကိုးဖြင့် ပြည်သူ့လူထုကရွေးကောက်မြှောက်ထားသည့် အရပ်သားနိုင်ငံရေးခေါင်းဆောင်များကို ဖမ်းဆီးပြီး အာဏာသိမ်းမှုကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် လက်နက်ကိုင်ပြီး ခုခံစစ်ကိုဆင်နွှဲကာ အာဏာဖီဆန်ခဲ့သည့် စစ်တပ်ကို ပြန်လည်တိုက်ခိုက်နေရခြင်းဖြစ်ကြောင်းပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ပြောရေး ဆိုခွင့်ရှိသူ ဦးစည်သူမောင်က ဆိုသည်။

“တရားဝင်ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်ကို ပုန်ကန်ခြားနားတာပေါ့။ လက်နက်အားကိုးနဲ့ အကြမ်းဖက်မှုကို သူတို့ကကြိုးစားခဲ့တဲ့အခြေအနေ ပေါ်ပေါက်ခဲ့တာပေါ့။ ပေါ်ပေါက်ခဲ့တဲ့နေရာမှ CRPHကနေ နစက အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းကို အကြမ်းဖက်နှိမ်နင်းရေး ခုခံတော်လှန်ဖို့ဆိုတာ ကြေညာပြီးတော့ တရားဝင်အစိုးရကနေ နှိမ်နင်းရေးကို ပြန်လည်ပြီးတော့တောင် လုပ်ဆောင်နေတာလို့ ပြောလို့ရပါတယ်” ဟု ဆိုသည်။

စစ်အာဏာသိမ်းပြီး နှစ်နှစ်အကြာတွင် မြန်မာနိုင်ငံသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊အသက်ရှင်သန်နိုင်ခွင့်၊ ဆင်းရဲမွဲတေမှု၊ သတင်းမီဒီယာလွတ်လပ်ခွင့်စသည့် အညွှန်းကိန်းများသည် တဖြည်းဖြည်းကျဆင်းလာသကဲ့သို့ အရပ်သားပြည်သူ သေဆုံးမှုအရေအတွက်သည်လည်း နေ့စဉ်များပြားနေသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ထုတ်ပြန်ထားသည့် စာရင်းများအရ အာဏာသိမ်း တစ်နှစ်ပြည့်တွင် စစ်ကောင်စီ၏လက်ချက်ကြောင့် လူပေါင်း ၁,၅၀၇ ဦးသေဆုံးခဲ့ကြရပြီး ယခုနှစ်နှစ်ပြည့်တွင် သေဆုံးသူစုစုပေါင်းမှာ၂,၉၄၇ ဦးရှိနေပြီ ဖြစ်သည်။အဆိုပါပမာဏသည် စာရင်းရရှိသည်များကို ကောက်ယူထားခြင်းသာဖြစ်ပြီး တစ်နှစ်အတွင်းလူပေါင်း ၁,၄၄၀ ဦးသေဆုံးခဲ့ခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required