“ ဒေါ်စုလည်း စိတ်မကောက်နဲ့၊ တပ်ချုပ်လည်း စစ်မဆိုးနဲ့ ”

“ ဒေါ်စုလည်း စိတ်မကောက်နဲ့၊ တပ်ချုပ်လည်း စစ်မဆိုးနဲ့ ”

ဘယ်လိုပဲဖြစ်ဖြစ် သမိုင်းဝင် အသွင်ကူးပြောင်းရေး ရထားကြီးကတော့ မှန်မှန် ခုတ်မောင်းနေ ပါပြီ။ ဧပြီလ ၁ ရက်နေ့ကျရင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အစိုးရအဖွဲ့သစ် တစ်ရပ်ကို မြင်တွေ့ ကြရပါတော့မယ်။ ရွေးကောက်ခံတွေနဲ့ တပ်မတော်သားတွေ ပါဝင်တဲ့ အစိုးရအဖွဲ့၊ ရွေးကောက်ခံတွေ နဲ့ တပ်မတော်သား အမတ်တွေ ပါဝင်တဲ့ လွှတ်တော် စသဖြင့် ဖြစ်ပါတယ်။

တစ်နည်းပြောရရင် ရွေးကောက်ခံတွေရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်သားတွေရဲ့ ခေါင်းဆောင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှစ်ယောက် တိုင်းပြည်ကို ခွဲဝေအုပ်ချုပ်၊ ခွဲေ၀ စီမံခန့်ခွဲရမယ့် ပုံစံမျိုး ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ တစ်ယောက်နဲ့ တစ်ယောက် အထင်မှား အမြင်မှား၊ စိတ်ကောက်၊ စိတ်ဆိုးနေလို့ မပြီးပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ပူးပေါင်းဆောင်ရွက်မှသာ ပြည်သူတွေနဲ့ တိုင်းပြည်က လိုအပ်နေတဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာ့အလည်မှာ တင့်တယ်ရေး ဆိုတာတွေ အကောင်အထည် ပေါ်လာ မှာပါ။ ခုတစ်ပါတ် အဲဒီအကြောင်း ဆွေးနွေး တင်ပြသွားပါ့မယ်။

ဒီလို ပြောရတာကလည်း အကြောင်းရှိပါတယ်။ သမ္မတ ရွေးချယ်ပွဲ မတိုင်ခင် ရက်တစ်ချို့က တိုင်းပြည်ခေါင်းဆောင်တွေ ဖြစ်လာတော့မယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် တစ်ကြိမ်မက တွေ့ဆုံဆွေးနွေးကြပါတယ်။ ဒီဆွေးနွေးမှုတွေမှာ ဘာတွေ ဆွေးနွေးကြတယ် အသေးစိတ် ထုတ်ပြန်တာ မရှိပေမယ့် နှစ်ဖက် ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ရေး ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး ကိစ္စ နဲ့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်နေရာတွေကို တပ်မတော်ဘက်က တာဝန်ယူလိုကြောင်း ပြောဆို ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ နှစ်ခုစလုံး ညှိနှိုင်းလို့ အဆင်မပြေပါဘူး။

ဒီအဆင်မပြေမှုတွေ ဖြစ်ပေါ်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဘက်က လွှတ်တော်တွင်း သမ္မတ ရွေးချယ်ပွဲကို တစ်ပတ်စောပြီး လုပ်လာပါတယ်။ အားလုံးသိကြပြီဖြစ်တဲ့ အတိုင်း သူ့ကို ကူညီနိုင်မယ့် ဦးထင်ကျော်ကို ဒုသမ္မတ လောင်း အမည်စာရင်းတင်သွင်း၊ သိပ်မကြာ ခင် သမ္မတ ဖြစ်လာမှာပါ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လည်း တပ်တွင်း လှည့်လည် ပွဲတွေမှာ သူ့ရဲ့ သဘောထား ထုတ်ဖော် ပြောဆိုပါတယ်။ သတင်းမီဒီ ယာတွေ အလေးထား ဖော်ပြတာ တစ်ခုကတော့ “လက်ရှိ ကျင့်သုံးနေသည့် ပါတီစုံ ဒီမိုကရေစီ စနစ် ပထမ ၅ နှစ် သက်တန်းတွင်လည်း တပ်မတော် အနေဖြင့် ယင်းလမ်းကြောင်းတွင် ခိုင်ခိုင်မာမာ ရပ်တည် လျောက်လှမ်းနိုင်ရန် ပါဝင် လုပ်ဆောင်ခဲ့ကြောင်း၊ တိုးတက်မှုများလည်း ရရှိခဲ့ကြောင်း၊ ဆက်လက်လျောက်လှမ်းရမည့် ဒုတိယ အဆင့်တွင်လည်း လက်ရှိ အခြေအနေများမှ ယိမ်းယိုင်မှုကို လက်မခံနိုင်ကြောင်း ” ဆိုတဲ့ စကား ဖြစ်ပါတယ်။ ပြောရရင် အခုတက်လာမယ့် ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရ ကြည့်လုပ်ကြ၊ ဘာရယ်လို့ တိတိကျကျ ညွှန်းဆိုတာ မရှိပေမယ့် ယိမ်းယိုင်ပြီဆို တပ်မတော်က လက်မခံဘူး ဆိုတဲ့ သဘောပါပဲ။ တပ်မတော်က လက်မခံရင် ဘာလုပ်မလဲ ဆိုတာကိုတော့ ပွင့်ပွင့်လင်းလင်း ပြောဆိုတာမျိုးတော့ မရှိပါဘူး။

ပြောရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်ချုပ် နှစ်ဖက်စလုံး ကိုယ်လိုချင်တာတွေ ဖြစ်မလာ ပါဘူး။ လူ့သဘာ၀ ကိုယ်လိုချင်တာ ဖြစ်မလာလို့ နည်းနည်းပါးပါး “တင်း” ကြတယ် ဆိုရင်လည်း ပြသနာတော့ သိပ်မကြီးပါဘူး။ ဒါပေမယ့် ပြသနာဖြေရှင်းနည်း၊ ပြေလည်အောင် လုပ်နည်းတွေကို တော့ နှစ်ဖက်စလုံးက နားလည်ထားကြရင် အဆင်ပြေနိုင်ပါတယ်။ လက်ရှိ အခြေအနေ နှစ်ဖက်စလုံး လိုက်နာရမယ့် စည်းကမ်းဟာ ၂၀၀၈ ဖွဲ့စည်းပုံပဲ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ၊ လတ်တလော ဖွဲ့စည်းပုံပါ အချက်အလက်တွေကို နှစ်ဖက် နားလည် လက်ခံပြီး တစ်ဖက်နဲ့ တစ်ဖက် ညှိနှိုင်းဆောင်ရွက်ကြဖို့ လိုပါတယ်။

ဥပမာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ဆိုတာဟာ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၅၉(စ) ပြင်ဆင်၊ ဒါမှမဟုတ် ပယ်ဖျက် လိုက်မှ ဖြစ်မှာပါ။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းအ တိုင်း ပြင်ဆင်၊ ပယ်ဖျက်လို့ မပြီးမချင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ကလည်း ဒီအချက် ကို လိုက်နာနေရမှာပါ။ ဖွဲ့စည်းပုံထဲက အဲဒီအချက် ပယ်ဖျက်ဖို့၊ ဒါမှမဟုတ် ဆိုင်းငံ့ဖို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သဘောမတူတာနဲ့ သူ့ကို စိတ်ကောက်ဖို့ မလိုအပ်ပါဘူး။ လတ်တလော ဖွဲ့စည်းပုံအရ နှစ်ဖက် ညှိနှိုင်း သွားကြရမှာ ဖြစ်ပါတယ်။

အလားတူ အကြောင်းပြချက်တစ်ချို့နဲ့ ရခိုင်၊ ရှမ်း ကချင်နဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် နေရာ တွေကို တပ်မတော်ဘက်က ရယူလိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အ ယ်လ်ဒီ ဘက်ကလည်း အဲဒီ ဝန်ကြီးချုပ်နေရာ အတွက် စဉ်းစားထားတာတွေ၊ ပြည်နယ်နဲ့ တိုင်းတွေ ကိစ္စ ဆောင်ရွက်မယ်လို့ ပြင်ဆင်ထားတာတွေ ရှိနေမှာပါ။ ဒီအခါ ဝန်ကြီးချုပ်တွေကို အင်န်အယ်လ်ဒီ ဘက်ကပဲ ရွေးချယ် ခန့်အပ်မယ် ဆိုတာမျိုးကိုလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဘက်က နားလည်ပေးဖို့ လိုပါတယ်။ ဒါဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ ဆောင်ရွက်တာမို့လို့ စိတ်မဆိုးဖို့ လိုပါတယ်။

အခုဆိုရင် ဒုသမ္မတ သုံးယောက် ရွေးချယ်တင်မြှောက်ပြီးပါပြီ။ ဒေါ်အောင်ဆန်းစု ကြည် ဘက်က ဦးထင်ကျော်နဲ့ ဦးဟင်နရီဗန်ထီးယူ ကို တင်ပါတယ်။ သမ္မတနဲ့ ဒုသမ္မတ နှစ်ယောက် ဖြစ်လာမယ့် အဲဒီ နှစ်ယောက်ထဲက ချင်းတိုင်းရင်းသား အမတ်ကို သမ္မတ အရည်အချင်းညီမညီ ပြန်စစ်သင့်တယ်လို့ တပ်မတော်ဘက်က ဆိုပါတယ်။ ဒါပေမယ့် အင်န်အယ်လ်ဒီ (၆) ယောက် ပါဝင်တဲ့ စိစစ်ရေးအဖွဲ့က စိစစ် အတည်ပြုလိုက်ပါပြီ။ အလားတူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘက်ကလည်း လက်ရှိ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း၊ အရင် ရန်ကုန်တိုင်းမှူးဟောင်း၊ စရဖ အကြီးအကဲဟောင်း၊ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေကို တင်မြှောက် လာပါတယ်။ ဦးမြင့်ဆွေကို ပြည်သူတွေ မကြိုက်ကြပါဘူး။ သူ့ရဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ၅ နှစ်တာ ကာလ လုပ်ကိုင်ဆောင်ရွက် သမျှတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုက ကြိုက်နှစ်သက်မှု မရှိသလို၊ အင်န်အယ်လ်ဒီ ဘက်ကလည်း ကြိုက်မှာ မဟုတ်ပါဘူး။ ပိုဆိုးတာက သူဟာ အမေရိကန် အစိုးရရဲ့ အရေးယူ ပိတ်ဆို့ထားတာ ခံရတဲ့ လူတစ်ယောက် ဖြစ်နေသေးတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဘက်က လုပ်ကိုင်ဆောင်ရွက်တာဟာ ဖွဲ့စည်းပုံနဲ့ ညီညွတ်တာမို့လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က စိတ်ဆိုးနေလို့ မဖြစ်ပါဘူး။ လက်ခံလိုက်ဖို့ပဲ ရှိပါတယ်။ နောင် အသင်ကူးပြောင်းရေး ကာလ အတွက် ဦးမြင့်ဆွေဟာ အဆင်မပြေဘူးလို့ တပ်မတော်ဘက်က နားလည်လာရင် သူတို့ ဒုသမ္မတ သူတို့ လွယ်လွယ်ကူကူ လဲနိုင်ပါတယ်။
ချုပ်ပြီးပြောရရင် အသွင်ကူးပြောင်းရေးကာလဆိုတာ ရွေးကောက်ခံတွေနဲ့ တပ်မတော်စစ်အ ရာရှိတွေ ပူးပေါင်းပြီး တိုင်းပြည်ကို အုပ်ချုပ်တာပါ။ ဥပဒေပြုတာပါ။ စီမံခန့်ခွဲတာပါ။

တစ်နည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှစ်ယောက် တိုင်းပြည်ကို ခွဲဝေစီမံ အုပ်ချုပ်ရမဲ့ အနေအထားမျိုးပါ။ အဲဒီ ခေါင်းဆောင်နှစ်ယောက် တစ်ယောက်ကို တစ်ယောက် အမြင် မကြည် စိတ်ဆိုး စိတ်ကောက်နေမယ်ဆိုရင် တိုင်းပြည်အတွက် အလားအလာ မကောင်းပါဘူး။ နှစ်ယောက် ပူးပေါင်းဆောင်ရွက်မှသာ တိုင်းပြည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာ့အလည်မှာ ပြန်ပြီး ဂုဏ်တင့်ရေး ဆိုတာ ဖြစ်လာမှာပါ။ အဲဒီကမှ တဆင့် ဒီမိုကရေစီ ပန်းတိုင်ဖြစ် တဲ့ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်တွေက တိုင်းပြည်ကို အပြည့်အ၀ စီမံအုပ်ချုပ်ပြီး တပ်မ တော်က သူ့ရဲ့ မူလတာဝန်ဖြစ်တဲ့ အရပ်သား အစိုးရလက်အောက်မှာ တိုင်းပြည်ကာကွယ်ရေး တာဝန် သက်သက်ကိုပဲ ထမ်းဆောင်တဲ့ ခရီးလမ်းဆုံးကို ဖြောင့်ဖြောင့်ဖြူးဖြူး သွားနိုင်မှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly