ပေါင်မြို့နယ် USDP ကိုယ်စားလှယ်လောင်း အသတ်ခံရ၊ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် SOF မှ လုပ်ဆောင်ခဲ့ဟုဆို

By ဂျူချန်း၊ YT
02 February 2023
ပေါင်မြို့နယ် USDP ကိုယ်စားလှယ်လောင်း အသတ်ခံရ၊ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် SOF မှ လုပ်ဆောင်ခဲ့ဟုဆို

ဂျူချန်း၊ YT

မဇ္ဈိမ။  ။မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပေါင်ရင်းရပ်ကွက် ဘူတာလမ်းနေ ဦးကိုကိုလေး (ခ) မင်းကြီးဆိုသူအား ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ ၆:၃၀ နာရီခန့်တွင် "နန်းထိုက်အောင်စစ်ဆင်းရေး" အဖြစ် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF )မှ သွားရောက်ရှင်းလင်းခဲ့သည်ဟု လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်ထဲတွင်  ဗီဒိယိုရုပ်သံတစ်ခုလည်း ပါဝင်ပြီး ဗီဒိီယိုထဲတွင် သေနတ်ကိုင်ဆောင်လာသူတစ်ဦးက ဦးကိုကိုလေး(သေဆုံးသွားသူ)ကို ၉မမ ပစ္စတိုဖြင့် ကိုးချက်ပစ်ခတ်ရာ လဲကျသွားသည်ကို မြင်တွေ့ရသည်။

ပေါင်မြို့နယ်၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သည့် ဦးကိုကိုလေးသည် ၎င်း​၏နေအိမ်၌ပင် ၉မမ ပစ္စတို ကျည်တစ်ဘောက်စာသုံး၍ ရှင်းလင်းခဲ့ကြောင်း ဦးခေါင်းနှင့် ရင်ဘတ်ကို အဓိကထိမှန်ကာ သေဆုံးခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF) ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

"သူ့ကို သုတ်သင်ဖို့က အရင်ကတည်းက လျာထားတယ်။ ဒါပေမယ့် စောင့်ကြည့်နေဆဲပဲ။ မနေ့ကမှ Silent Strike မှာပါတဲ့ ပြည်သူတွေကို
အိမ်တိုင်ရာရောက် ခြိမ်းခြောက်တာတွေ လုပ်တာသိရတယ်။ အဲ့ခါကျတော့ ဒီလူကိုတော့ ချက်ချင်း ရှင်းလင်းမှရတော့မယ်ဆိုပြီး ဆုံးဖြတ်ပြီး လုပ်ဖြစ်ခဲ့တာပါ" ဟု ၎င်းက ဆက်ပြောသည်။

ဦးကိုကိုလေးသည် မြို့နယ်အတွင်းရှိ UG များဖမ်းဆီးခံရမှု​၏ အဓိက တရားခံဖြစ်ပြီး ၎င်းကြောင့် ဖမ်းဆီးခံရသော UG အဖွဲ့ဝင် လေးဦးထက်မနည်းရှိကာ မိသားစုဝင်များကိုပါ ဓားစာခံအနေဖြင့် ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်း ကိုပြုလုပ်ခဲ့သူတစ်ဦး ဖြစ်ကြောင်းသိရသည်။

"ညမိုးချုပ်ခါနီးလေးမှာပဲ အိမ်ရှေ့မှာ ဆိုင်ကယ်နဲ့ ကောင်လေး နှစ်ယောက် ရောက်လာတာတွေ့တယ်။
ခဏနေတာနဲ့ သေနတ်သံတွေကြားတယ်၊ ပွဲချင်းပြီးသေသွားတယ်လို့တော့ ပြောကြတာပဲ" ဟု နီးစပ်ရာ ဒေသခံများထံမှ သိရသည်။

"သူတို့က အစတည်းက အဲ့ဒီပါတီ (ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ထဲကဆိုတော့ ထောင်ထောင်ထောင်လုပ်နေတာပဲ။ သူရှိတုန်းက
သူ့ကြောင့် ဘာမှ မဆိုင်တဲ့သူတွေလည်း အဖမ်းခံလိုက်ရတာ ရှိတယ်။
အာဏာသိမ်းခါစကလည်း စစ်သားတွေနဲ့ အတူထိုင်ပြီး သတင်းပေးတာမျိုး တွေ့ဖူးတယ်" ဟု ပေါင်မြို့ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဦးကိုကိုလေးသည် စစ်ကောင်စီ​၏ ရွေးကောက်ပွဲအတွက် မြို့နယ်တွင်းရှိ ရဲ၊ စစ်သားများနှင့်ပူးပေါင်းကာ အိမ်ထောင်စုစာရင်းများ ကောက်ယူခြင်း၊
ဧည့်စာရင်းစစ်ခြင်းများကို ပြုလုပ်နေပြီး ဇင်းကျိုက်၊ ပေါင်၊ မော်လမြိုင်ရှိ ပျူစောထီးများနှင့် ကွန်ရက်ပြုလုပ်ကာ မွန်ပြည်နယ်တစ်ခွင်၌ တော်လှန်ရေးလုပ်ငန်းစဉ်များကို တားဆီးရာ၌လည်း ပါဝင်နေကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မွန်ပြည်နယ်
#နန်းထိုက်အောင်စစ်ဆင်းရေး
#စစ်ကောင်စီ
#ရွေးကောက်ပွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required