ဒေါ်အောင်ဆန်းစုကြည်ရဲ့ လေဒီရှူးကမ်ပိန်း အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ကျော်သာရရှိထား

By မောင်ခက်နွေ
02 February 2023
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လေဒီရှူးကမ်ပိန်း အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ကျော်သာရရှိထား

( မဇ္ဈိမ)။ ။ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုဗယ်ဆုသွားယူရာ ဥရောပခရီးစဉ် တစ်လျှောက်စီးခဲ့သည့် လေဒီရှူးကို ကံစမ်းမဲအထူးဆုအဖြစ် "နွေဦးအောင်လံ" Campaign ရဲ့ သတ်မှတ်ထားသည့်ရက်တွင် Federal Wings အဖွဲ့က မဲဖောက်ရွေးချယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ဝတ်ဆင်ခဲ့သည့် ဒေါက်ဖိနပ်ကို မဲဖောက်ပေးပြီး Drone ဝယ်ယူရေး ရန်ပုံငွေရှာဖွေရာတွင် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ကျော်သာရရှိထားပြီး ကမ်ပိန်းရဲ့ သတ်မှတ်ချက်ဖြစ်သည့် ဒေါ်လာတစ်သိန်းပြည့်ဖို့ လိုအပ်နေသေးတယ်လို့ နွေဦးအောင်လံ ကမ်ပိန်းရဲ့ တာဝန်ရှိသူက ပြောသည်။

"အမတ်ို့က စကားဝိုင်းလေးလုပ်တယ်၊ အဲ့မှာ လူတွေက စသိပြီး လှူကြတာ။ ပြီးတော့ ဗိုလ််ကြီးညီသုတကလည်း သူ့ရဲ့ပေ့မှာ တင်ထားပေးတယ်” ဟု Campaing တာဝန်ရှိသူက ပြောသည်။

ဒါ့အပြင် ပြီးခဲ့သည့် ကော့ကရိတ်တိုက်ပွဲမှာလည်း ဒရုန်းစစ်ဆင်ရေးတွေ အောင်မြင်တာကြောင့် ဒီကမ်ပိန်းဟာ လူသိများလာတယ်လို့ ဆက်လက်ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည် ဝတ်ဆင်ခဲ့သည့် ဒေါက်ဖိနပ်ကို အလှူရှင်တစ်ဦးမှ federal wings ကို လှူတာဖြစ်ပြီး ယခင်က ယခုလို ကမ်ပိန်းမျိုး လုပ်ဆောင်ဘူးခြင်းမရှိဘဲ ယခုမှပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

“နွေဦးအောင်လံလွှင့်တင်ဖို့ Federal Drone တွေဝဲပျံစို့” ခေါင်းစဉ်ဖြင့် ဒီဇင်ဘာလ ၂၆ ရက်နေ့မှ ဇန်နဝါရီလ ၂၈ ရက်နေ့အထိ တစ်လကြာသတ်မှတ်ထားပေမယ့် တစ်ပတ်တိုးလိုက်ပြီး လာမည့် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ မဲရောင်းချခြင်း ပိတ်မည်ဟု ဆိုသည်။

တစ်ပတ်ထပ်တိုးရခြင်းနှင့် ပတ်သတ်ပြီး နွေဦးအောင်လံ ကမ်ပိန်းရဲ့ တာဝန်ရှိသူပြောတာက" အလှူငွေ Target ပြည့်စေချင်လို့ပါ၊ နောက်လှူတဲ့သူတွေလည်း အခုနောက်ပိုင်းမှ campaign အကြောင်းသိပြီး လာလှူနေကြတာမို့ပါ” ဟု ပြောသည်။

ရန်ပုံငွေလှုပ်ရှားမှု၌ အမေရိကန် တစ်ဒေါ်လာဖိုးကို ပွိုင့်တစ်ခုအဖြစ် သတ်မှတ်ပြီး ပွိုင့် ၅၀ ဖိုး အထက် ဝယ်ယူလှူဒါန်းသူတိုင်းကို ကံစမ်းမဲ တစ်စောင် ပေးသွားမည်ဖြစ်သည်။

ကမ်ပိန်းကိုတော့ ဖေဖော်ဝါရီ ၄ ရက်နေ့ တွင် ပိတ်မည်ဖြစ်ပြီး နောက်ပိုင်း၌ lucky draw များ ထုတ်ဝေပေးသွားမှာဖြစ်ပြီး နောက်ပိုင်းရက်များတွင် လှူမည့် အလှူရှင်များ အတွက် ကံစမ်းမဲတွေ မပါဝင်တော့ဘဲ ဂုဏ်ပြုမှတ်တမ်းသာ ထုတ်ပေးမှာဖြစ်တယ်လို့ဆိုသည်။

Federal Wings အဖွဲ့သည် မြေပြင်၌ တိုက်ပွဲဝင်နေသကဲ့သို့ ကယား (ကရင်နီ) ဘက်သို့လည်း ဒရုန်းနည်းပညာများကူညီထားသည့်အပြင် တစ်နိုင်ငံလုံးရှိ ဒရုန်းလိုအပ်သည့်နေရာများသို့လည်း အကူအညီများဆက်ပေးသွားရန်ရှိကြောင်း သိရသည်။

စစ်ဘက်သုံး ဒရုန်းတစ်စီး၏ ကုန်ကျငွေသည့် အမေရိကန်ဒေါ်လာ တစ်သောင်းဝန်းကျင်ရှိပြီး လိုအပ်သည့် မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်များကိုပေးပို့နိုင်ရန် ပြည်သူလူထု၏ ကူညီထည့်ဝင်ငွေများအပေါ် မူတည်နေကြောင်းလည်း ၎င်းကပြောသည်။

ကံစမ်းမဲအစီအစဉ်၌ အထူးဆုအပြင် ပထမဆု ၃၅ သိန်းတန် ခရမ်းဆွဲ လည်ဆွဲ၊ ဒုတိယဆု ကျပ်သိန်း ၂၀ ခန့်တန် တစ်ကျပ်သား ရွှေဆွဲကြိုး ၊ တတိယဆု ၁၅ သိန်းတန် မြလော့ကက်၊ စတုတ္ထဆု ၁၁ သိန်းတန် ခရမ်းဆွဲ လက်စွပ် အစရှိသည့် ရတနာပစ္စည်းများကိုလည်း မဲဖောက်ပေးသွားမည်ဖြစ်သည်။

ပြည်သူတွေအနေနဲ့လည်း လှူဒါန်းပြီး မဲလက်မှတ်တွေ ဝယ်ယူလိုပါက “နွေဦးအောင်လံ” ဖေ့ဘုတ်ပေ့ နှင့် Federal Wings ဖေ့ဘုတ်ပေ့ကို ဆက်သွယ်လှူဒါန်းနိုင်သလို Campaing ကိုလည်း ဝန်းရံပေးကြဖို့ အဆိုပါလှုပ်ရှားမှု၏ တာဝန်ရှိသူတစ်ဦးက မေတ္တာရပ်ခံထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly