ရေးပြောက်ကျားတပ်ဖွဲ့ထံ ပြည်သူ့စစ်ဟောင်းတစ်ဦးက လက်နက်ခဲယမ်းများလာအပ်စစ်ကောင်စီလက်အောက်ခံများ အမြင်မှန်ရကြရန် သတိပေး

By ဂျူချန်း
02 February 2023
ရေးပြောက်ကျားတပ်ဖွဲ့ထံ ပြည်သူ့စစ်ဟောင်းတစ်ဦးက လက်နက်ခဲယမ်းများလာအပ်စစ်ကောင်စီလက်အောက်ခံများ အမြင်မှန်ရကြရန် သတိပေး

မဇ္ဈိမ။ ။မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့မှ ပြည်သူ့စစ်ဟောင်းတစ်ဦးက လက်ဗစ်ဗုံးနှင့်သေနတ်အချို့အပါအဝင် လက်နက်ခဲယမ်းများကို ရေးပြောက်ကျားတပ်ဖွဲ့ Ye Guerrilla Force-YGF သို့ လာရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်၊ရေးမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ ပြည်သူ့စစ်(ဟောင်း)တစ်ဦးက သူသိမ်းဆည်းထားသော လက်နက်ခဲယမ်းများကို ယမန်နေ့ (ဖေဖော်ဝါရီလ ၁ ရက်) နံနက်တွင် လာရောက်အပ်နှံခဲ့ခြင်းဟု YGF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်စောခေတ်သစ်ကပြောသည်။

“ယခင်ကသူသိမ်းထားတဲ့ပစ္စည်းတွေကို သူ့အနေနဲ့ ဆက်သွယ်ပြီး လာအပ်နှံတာဗျ။ ဘာကြောင့်လဲဆိုတာက သူ့သဘောဆန္ဒဆိုတော့ မပြောတတ်ဘူး။ အရင်တစ်ခေါက်ကလည်း ၈၈ တုန်းက တော်လှန်ရေးသမားတစ်ယောက် AK တစ်လက် လက်ဆောင်ပေးဖူးသေးတယ်” ဟု ရဲဘော် စောခေတ်သစ်က မဇ္ဈိမကိုပြောသည်။

အဆိုပါ ပြည်သူ့စစ်ဟောင်းက လက်ပစ်ဗုံး (၁၁)လုံး၊ သေနတ်အတို (၂)လက်၊ ကျည်မျိုးစုံစုစုပေါင်း(၂၇၃)တောင့်၊ကျည်ခွံခြောက်ခုနှင့်ကျည်ဖူး တစ်ခုလာအပ်နှံခဲ့သည်သိရသည်။

ရေးပြောက်ကျားတပ်ဖွဲ့ Ye Guerrilla Force-YGF သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ရက်က
ရေးမြို့အခြေစိုက် ၊အမှတ် (၃၁၇) အမြောက်တပ်မှ စစ်ကောင်စီတပ်သား ခြောက်ဦးကို တိုက်ခိုက်ခဲ့သည့်အဖွဲ့ဖြစ်သည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ စစ်ကောင်စီတပ်သား ငါးဦး သေဆုံးပြီး သေနတ်သုံးလက်ကို YGF သိမ်းဆည်းနိုင်ခဲ့သည်။
ယင်းသေနတ်သုံးလက်နှင့် ယခု လာရောက်အပ်နှံထားသည့်သေနတ်အတိုနှစ်လက်နှင့်ဆိုလျှင် စုစုပေါင်း သေနတ်ငါးလက်ကို သိမ်းဆည်းရမိထားသည်ဟု ရဲဘော်စောခေတ်သစ်က ပြောသည်။

ပြည်သူ့စစ်အဖွဲ့များသည် စစ်ကောင်စီ၏ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့အဖြစ် ဖွဲ့စည်းထားခြင်းဖြစ်သည်။စစ်ကောင်စီက တော်လှန်ရေးအင်အားစုများကို ဖမ်းဆီးခြင်း၊တိုက်ခိုက်​​ခြင်းများပြုလုပ်ရာတွင်ပြည်သူ့စစ်အဖွဲ့ဝင်များကို အသုံးပြုနေသည်။

ဒေသတွင်းရှိ ပြည်သူ့စစ်အဖွဲ့များအပါအဝင် စစ်ကောင်စီလက်အောက်ခံများအားလုံး လက်နက်ချအလင်းဝင်ရန်လည်း ရဲဘော်စောခေတ်သစ်က တိုက်တွန်းသည်။

" အခုအာဏာသိမ်းထားတာလည်း နှစ်နှစ်ရှိပြီ။ ကျန်နေတဲ့ သူတို့(စစ်ကောင်စီလက်အောက်ခံများ )တွေလည်း အခုချိန်အထိကို အမြင်မှန်မရကြသေးဘူးလား။ အခုလိုမျိုး လက်နက်ချကြဖို့၊ ပြည်သူဘက်က ရပ်တည်ပေးကြဖို့ ပြောချင်ပါတယ်။ တကယ်လို့ အမြင်မှန်မရဘဲ ပြည်သူဘက်က မရပ်တည်ဘူးဆိုရင်တော့ သွားရာလမ်းကတော့ တစ်လမ်းပဲရှိပါမယ်" ဟု ရဲဘော်စောခေတ်သစ်က ပြောသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required