CDM ဝန်ထမ်းများ၏ လစာငွေများအား တစ်လုံးတစ်ခဲတည်း ပြန်လည်ပေးအပ်သွားမည်ဟု NUG အသိပေး

By ဝေဟင်စိုး
02 February 2023
CDM ဝန်ထမ်းများ၏ လစာငွေများအား တစ်လုံးတစ်ခဲတည်း ပြန်လည်ပေးအပ်သွားမည်ဟု NUG အသိပေး

မဇ္ဈိမ။ ။ စစ်တပ် အာဏာသိမ်းရန်ကြိုးစားသည့် အချိန်မှစ၍ နိုင်ငံ့ဝန်ထမ်း CDM သူရဲကောင်းများ ထုတ်ယူခြင်းမရှိခဲ့သော လုပ်ခလစာငွေများနှင့် ချီးမြှင့်ငွေများ အားလုံးကို တော်လှန်ရေး အလွန်ကာလတွင် တစ်လုံးတစ်ခဲတည်း ပြန်လည်ပေးအပ်သွားမည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)က အသိပေး ကြေညာသည်။

ယင်းသည် အကြမ်းမဖက်အာဏာဖီဆန်ရေး(CDM) လှုပ်ရှားမှုအား နှစ်နှစ်တိတိ ရဲဝံ့ခိုင်မာသောစိတ်ဖြင့် လုပ်ဆောင်လျက်ရှိသော ပြည်သူ့သူရဲကောင်းများနှင့် နိုင်ငံ့သူရဲကောင်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ အသိပေးကြေညာချက်ကို ယမန်နေ့ ဖေဖော်ဝါရီ ၁ ရက်၌ ကြေညာချက်အမှတ် (၃/၂၀၂၃)ဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ယနေ့ထက်တိုင် အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုများဖြင့် တော်လှန်ရေးတွင် ပါဝင်လျက်ရှိသော ပြည်သူ့သူရဲကောင်း၊ နိုင်ငံ့သူရဲကောင်း CDM ဝန်ထမ်းများအားလုံးက်ို တော်လှန်ရေးအလွန်ကာလတွင် နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များလည်း ချီးမြှင့်ပေးအပ်မည်ဖြစ်‌သည်။

အလားတူ နိုင်ငံ့ဝန်ထမ်း CDM သူရဲကောင်းများအနေဖြင့် အာဏာသိမ်းခြင်းနေ့ရက် မတိုင်ခင်အချိန်ထိ ထမ်းဆောင်ခဲ့သော ရာထူးတာဝန်များမှနေ၍ ရာထူးတစ်ဆင့် တိုးမြှင့်ခန့်အပ်သွားမည် ဖြစ်ပြီး၊ အဆိုပါ ရာထူးတိုးမြှင့်ခြင်းအမိန့်သည် ယခု ကြေညာချက် ထုတ်ပြန်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့၊ ၂၀၂၃ ခုနှစ်မှစတင်၍ အကျိုးသက်ရောက်မှုရှိမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

ထပ်မံ၍ နိုင်ငံ့ဝန်ထမ်း CDM သူရဲကောင်းများဖြစ်သည့် နေ့စားဝန်ထမ်းများ (အချိန်ပိုင်းနည်းပြ၊ သရုပ်ပြများ အပါအဝင်)ကို ဖေဖော်ဝါရီလ ၁ ရက်နေ့၊ ၂၀၂၃ ခုနှစ် မှစတင်ကာ အမြဲတမ်းဝန်ထမ်းများ အဖြစ် အတည်ပြုခန့်ထားလိုက်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က အသိပေးထုတ်ပြန်ထားသည်။

အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင်ပါဝင်လာသည့် နိုင်ငံ့ဝန်ထမ်း ၄၀,၀၀၀ နီးပါးကို ၂၀၂၂ ခုနှစ်ကုန်အထိ မြန်မာကျပ်ငွေ စုစုပေါင်း သိန်းပေါင်း ၁၂,၀၀၀ ကျော် ထောက်ပံ့ထားပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ယခင် ထုတ်ပြန်ချက်များအရ သိရသည်။

စစ်အာဏာသိမ်းပြီးနောက်တွင် နိုင်ငံ့ဝန်ထမ်းယန္တရားအသီးသီးမှ ဝန်ထမ်းများသည် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး CDM တွင်ပါဝင်လာသည့် နိုင်ငံ့ဝန်ထမ်း စုစုပေါင်း ၁၈၅,၀၀၀ ခန့်ရှိနေကြောင်း NUG ထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly