နယူးဒေလီတွင်ပြုလုပ်ရန်စီစဉ်ထားသည့် စစ်အာဏာသိမ်းမှု ၂ နှစ်မြောက်ဆန္ဒပြပွဲ အိန္ဒိယအစိုးရ ခွင့်မပြု

By ဂျူနို
01 February 2023
နယူးဒေလီတွင်ပြုလုပ်ရန်စီစဉ်ထားသည့် စစ်အာဏာသိမ်းမှု ၂ နှစ်မြောက်ဆန္ဒပြပွဲ အိန္ဒိယအစိုးရ ခွင့်မပြု

(မဇ္စျိမ)။ ။စစ်တပ်ကအာဏာလုယူခဲ့မှု နှစ်နှစ်ပြည့်မြောက်သော ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နယူးဒေလီ ရှိ မြန်မာနိုင်ငံသားများမှ ကန့်ကွက်ဆန္ဒပြမှုပြုလုပ်သွားရန် စီစဉ်ထားသော်လည်း အိန္ဒိယအစိုးရက ခွင့်မ ပြုခဲ့ဘဲ ဒေသဆိုင်ရာအာဏာပိုင်များက ဆန္ဒပြပွဲဦးဆောင်မည့်သူများကို ဆန္ဒပြပွဲမလုပ်ရန် ခံဝန်ကတိ ထိုးခိုင်းခဲ့ကြောင်း သတင်းရရှိသည်။

ဒေသအသီးသီးမှ မြန်မာနိုင်ငံသားများသည် နယူးဒေလီမြို့ရှိ ဂျန်တာမန်တားအရပ်တွင်စုဝေး၍ ဒေသစံ တော်ချိန် မွန်းလွဲ၁ နာရီ၌ ဆန္ဒပြပွဲကိုစတင်ပြုလုပ်ရန် ဦးဆောင်ပြုလုပ်သည့် CRPH/NUG Support Group-India/ India For Myanmar မှ ကြေညာထားသည်။

“ကျွန်တော်တို့ ဆန္ဒပြပွဲ ဦးဆောင်မယ့်သူတွေကို Budhela ရပ်ကွက်ရုံးမှာ အိန္ဒိယရဲငါးဦးက မနက်ကနေ ညနေထိဘယ်မှမသွားခိုင်းဘဲ ခေါ်ထားတယ်။ ဆန္ဒပြပွဲ မဖြစ်ဖြစ်အောင် ဖျက်တဲ့သဘောပေါ့။ ဘယ်မှ ပေး မထွက်ဘူး။ အဲဒီရဲငါးဦးက အထက်ကအမိန့်ပေးလို့ လုပ်ရတာဖြစ်တယ်လို့ ပြောတယ်။ ကျွန်တော်တို့ကို ဆန္ဒပြပွဲမလုပ်ဖို့ ဝန်ခံကတိထိုးခိုင်းတယ်။ မင်းတို့မြန်မာဒုက္ခသည်တွေကို မြန်မာပြည်ပြန်ပို့စေချင်တာ လားလို့ စနောက်တဲ့ပုံစံနဲ့ ရဲတစ်ဦးက ကျွန်တော်တို့ကိုပြောတယ်” ဟု CRPH/NUG Support Group-India/ India For Myanmar မှ တာဝန်ရှိသူတစ်ဦးက မဇ္စျိမကို ပြောသည်။

ဆန္ဒပြပွဲ ဦးဆောင်မည့် CRPH/NUG Support Group-India/ India For Myanmar မှ တာဝန်ရှိသူများ၏ နေအိမ်များသို့ နံနက်အစောပိုင်းကတည်းက အိန္ဒိယအစိုးရ ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံရှာဖွေပြီး ညနေပိုင်း အထိ တားဆီးထိန်းချုပ်ထားသည့်အတွက် ဆန္ဒပြပွဲအစီအစဥ် ပျက်သွားခြင်းဖြစ်ကြောင်း သိရသည်။

ဆန္ဒပြပွဲဖြစ်မြောက်ပါက အကြမ်းဖက်စစ်တပ်၏ ဆိုးရွားလှသော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အရပ်သားနှင့် စာသင်ကျောင်းများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေမှုများ၊ လူမဆန်စွာ အဓမ္မကျင့်၊ သတ်ဖြတ်မီးရှို့နေမှုများ၊ အကြမ်းဖက် ခိုးဆိုးလုယက်မှု စသည့်စစ်ရာဇဝတ်မှုများကို ကန့်ကွက်ရှုတ်ချကြ မည့်အစီအစဉ်ပြုလုပ်ထားခြင်းဖြစ်သည်။

နိုင်ငံတကာအနေဖြင့် အကြမ်းဖက်စစ်တပ်အား ဖိအားပေးအရေးယူနိုင်ရေး၊ စစ်ဘေးရှောင်များအား လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရေး၊ ဒုက္ခသည်အခွင့်အရေးများ အပြည့်အဝရရှိရေး၊ စစ် အာဏာရှင် ဖြုတ်ချရေးတို့ကို တောင်းဆိုမည်ဟု ဆိုသည်။

ထို့ပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် အသက်ပေးကြိုးစားနေကြ သည့်အဖွဲ့အစည်းများကို နိုင်ငံတကာမှ အကူအညီပေးကြရန်လည်း တောင်းဆိုသွားမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုသို့ အိန္ဒိယရဲတပ်ဖွဲ့က ဆန္ဒပြပွဲဦးဆောင်သူများကို တားဆီးပိတ်ပင်ကာ စောင့်ကြည်မှုများပြုလုပ်နေ စဉ်မှာပင် ကျန်ရှိသည့် မြန်မာနိုင်ငံသားများက စစ်တပ်အာဏာသိမ်းမှု နှစ်နှစ်ပြည့် ဆန့်ကျင်လှုပ်ရှားမှုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်းလည်း သိရသည်။

ဆန္ဒထုတ်ဖော်ရာတွင် ကြွေးကြော်သံများ ဟစ်ကြွေးနိုင်ခဲ့ခြင်း မရှိခဲ့သော်လည်း တိတ်ဆိတ်ငြိမ်သက်စွာ ဖြင့် စစ်ကောင်စီတပ်ကကျုးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကိုဖော်ပြထားသည့် ဗီနိုင်းများ ကိုင်ဆောင် ကာဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“မြန်မာနိုင်ငံမှာ စစ်တပ်ကအိမ်တွေကို မီးရှို့တယ်။ ပြည်သူတွေကို စားမရှိနေစရာမရှိ ဖြစ်အောင် လုပ်နေ တာကို အိန္ဒိယအစိုးရက ဝမ်းသာနေတယ်၊ လက်ခုပ်တီးပေးနေတယ်လို့ ကျွန်မတို့ယူဆတယ်။ ဒီမိုကရေစီ နိုင်ငံဖြစ်ပြီး ကျွန်မတို့နိုင်ငံကိုမကြည့်တဲ့အပြင် ဆန္ဒပြပွဲကိုတောင် ပိတ်တယ်ဆိုတော့ တော်တော်ခံစားရ တယ်” ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သော ဇန်နဝါရီလ ၂၈ ရက်ကလည်း မီဇိုရမ်ပြည်နယ်ကျောင်းသားများသမဂ္ဂ (Mizo Students Union)မှဦးစီးပြီး မြန်မာနိုင်ငံသားများမှပူးပေါင်းကာ မြန်မာပြည်ဒီမိုကရေစီအရေးနှင့် အိန္ဒိယနိုင်ငံရောက် ဒုက္ခသည်နှင့် စစ်ဘေးရှောင်များအားအကူအညီပေးရန် ဆန္ဒပြပွဲပြုလုပ်မည့်နေ့တွင် အိန္ဒိယပြည်ထဲရေး ဝန်ကြီးဌာနမှ ယင်းနေ့တွင်ဆန္ဒပြပွဲကို ငြင်းပယ် (Reject)ပြုလုပ်ခဲ့သည်။

သို့သော် မီဇိုရမ်ပြည်နယ်ကျောင်းသားများသမဂ္ဂ (Mizo Students Union)မှ ခေါင်းဆောင်များနှင့် အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနတို့ ပြန်လည်ညှိနှိုင်းကာ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် နယူးဒေလီမြို့ရှိ ဂျန်တား မန်တား အရပ်တွင် ဆန္ဒဖော်ထုတ်ခွင့် ရရှိခဲ့သည်။

၎င်းအပြင် ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်းကလည်း CRPH/NUG Support Group-India/ India For Myanmar ဦးဆောင်သည့် စစ်အာဏာမှုသိမ်းဆန့်ကျင်ဆန္ဒဖော်ထုတ်မည့်အချိန်တွင်လည်း ဆန္ဒပြသူများ စုရပ်သို့ အိန္ဒိယရဲတပ်ဖွဲ့များရောက်ရှိလာကာ တားဆီးပိတ်ပင်ခဲ့သေးသည်။

အိန္ဒိယအစိုးအရအနေဖြင့် မြန်မာနိုင်ငံမှ အာဏာသိမ်းစစ်ကောင်စီနှင့် ဆက်ဆံရေးကောင်းမွန်လျက်ရှိပြီး အကူအညီများပေးနေကာ စစ်ဘေးရှောင်များအား အသိအမှတ်ပြုထောက်ပံ့ပေးရန်ကိုမူ ငြင်းဆန် လျက်ရှိ ကြောင်း စစ်ဘေးရှောင်အရေးကူညီနေသူများက ဆိုသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly